Funny

in #funny7 years ago

:P :P :P

မိန်းမတွေကိုဘယ်တော့မှအရက်မတိုက်နဲ့

"မိန်းမ မောင်ဒီနေ့လစာထုတ်ပြီးပြီ"

"ဟုတ်လား အဲ့ဒါဆို ညနေကျရင် မောင့်မိဘတွေကို
အတူတူသွားကန်တော့မယ်လေ ပြီးရင် ဈေးလေးဘာလေး
ဝယ်တာပေါ့"

"အွမ်း အဲ့ဒါကောင်းတယ်မိန်းမ
ရော့ မောင့်လစာ တစ်ပြားမှမလျှော့ဘူးနော်"

"အင်းပါယောက်ျားရဲ့ ယောက်ျားလိမ္မာတယ်ဆိုတာ မိန်းမသိပါတယ်"

စကားပြောရင်း သူကပိုက်ဆံလေးတွေရေနေတယ်
ကျွန်တော်က လကုန်ရက်ဆိုတော့ ရှကီကစ်ချင်နေတာ
သူ့ကိုဘယ်ကနေ စပြောလို့ပြောရမှန်းမသိဘူး

"မိန်းမ"

"ပြောလေ ယောက်ျား"

"ဟိုဟာလေ ဟိုဟာ"

"ဘာဟိုဟာတုန်း မောင်သုံးစရာမရှိလို့လား
ရော့နှစ်ထောင်ယူထားလေ"

ခွီး တော်တော်များတဲ့ပိုက်ဆံ
တစ်လလုံးသုံးရင်တောင် မနည်းကုန်အောင်သုံးရမှာ
နှစ်ထောင်တဲ့

"အဲ့ဒါမဟုတ်ဘူးမိန်းမရဲ့"

"အဲ့ဒါဆိုဘာလဲ"

"မောင် ညကျရင် သူငယ်ချင်းတွေနဲ့
အရက်နည်းနည်းလေးသောက်ချင်လို့"

"ဘာ!!!!"

"အောင်မလေး သောက်ပလုတ်တုပ်
ဖြည်းဖြည်းအော်ပါမိန်းမရဲ့ မောင့်နားစည်တွေ
ကွဲထွက်ကုန်ဦးမယ်"

"ရှင်ကအရက်သောက်မယ်ဟုတ်လား"

"ဟုတ်တယ်လေ အဲ့ဒါမောင့်ကို နှစ်သောင်းလောက်"

"ဘာပြောတယ်!!!! နှစ်သောင်းလောက် ဟုတ်လား"

"အောင်မလေးသောက်ခွေး ငါသေတော့မှာပဲ"

အစောနက ကြည်နူးနေတာလေးတွေတောင်
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်
အာဗြဲကြီးနဲ့ထအော်တာ
ဒီတစ်ခါအော်တာ ပိုကျယ်တယ်
စာကျက်နေတဲ့ကျောင်းသူတွေတောင် လင်မယားချင်း
ရန်ဖြစ်တယ်ထင်ပြီး စာကျက်နေတဲ့အသံတွေတိတ်
သွားတယ်

"တိုးတိုးအော်ပါမိန်းမရယ်
ဟိုမှာ ကျောင်းသူတွေလန့်ကုန်ပြီ"

"အော် ရှင် မဟုတ်တာ လုပ်မှာကျ လူသိမှာ
ကြောက်နေတယ်ပေါ့ ဟုတ်လား
အော်မှာပဲ အော်မှာပဲ ကျောင်းသူတွေမကလို့
တစ်ရပ်ကွက် လုံးပါလန့်လန့် အော်မှာပဲ"

ခက်ပြီ တောင်းပန်လို့မရ တိုးလျှိုးလို့မရ
ပြောလေကဲလေ မန်းလေပြဲလေဆိုတာ သူ့လိုလူစားမျိုး
အရက်လေးသောက်မယ့်ကိစ္စကိုရေးကြီးခွင်ကျယ်လုပ်နေတာ ကိုယ်ကလည်း ပိုက်ဆံမရသေးတော့ သည်းခံနေရတာပေါ့ နို့မို့ဆိုရင်တော့ ဟွင်း ဟွင်း
လက်စွမ်းပြလိုက်မှာ ဒါပေမဲ့လည်း ယောက်ျားဟာ
ယောက်ျားပါပဲ ဟီး ဟီး

"မိန်းမ"

"ပြောလေ"

ဒါမျိုးကျရင်သူကအိနြေ္နသိပ်ကြီးတာ
ထူးတာတောင် ကိုယ့်ဘက်မလှည့်ဘူး
ပိုက်ဆံသိမ်းတာလိုလို အဝတ်ခေါက်တာလိုလိုနဲ့
ပိုက်ဆံပေးရမှာကြောက်လို့ဥာဏ်တွေများနေတာ
မသိရင်တော့ တည်ငြိမ်သူကြီးပေါ့လေ

တစ်ချို့လည်းဒါမျိုးကြုံဖူးမှာပါ
ကိုယ့်အတွက်အရေးကြီးနေတဲ့ကိစ္စကို
အရေးမကြီးတဲ့ ကိစ္စဖြစ်အောင် ဥပေက္ခာပြုနေတဲ့အကွက်
မိန်းမတွေအများစုသုံးတာ
ဒါကထားပါ ကိုယ်ကလိုချင်တာဆိုတော့ ချော့ရမှာပဲ

"မိန်းမရယ် မောင်ကတစ်ခါတစ်လေလေးသောက်မှာကို
ခွင့်ပြုပေးလိုက်ပါလားကွာ"

"မရဘူး မရဘူး အရက်သောက်တာမကောင်းဘူး
ရှင်တို့က အစမှာ အရက်ဝိုင်းဖွဲ့သောက်မယ်
မူးလာရင် KTV သွားမယ် မာဆတ်သွားမယ်
ပြီးရင် ပြသနာရှာမယ် ဒါပဲ မလား"

"အရက်သောက်ရုံပဲပါကွာကျန်တာတွေမပါဘူး"

"အဲ့ဒါဆိုကျွန်မလည်း လိုက်ခဲ့မယ်လေ"

"ဘယ်သင့်တော်မလဲ မိန်းမရယ်"

"မသင့်တော်ရင် ကျွန်မလဲမလိုက်ဘူး
ရှင်လည်းမသွားနဲ့ မနေနိုင်မထိုင်နိုင်
မဟားဒယားသောက်ချင်နေတယ်ဆိုရင်တော့
အိမ်မှာပဲသောက်"

"ဟာကွာ မိန်းမကလည်း ဆိုင်မှာသောက်တော့
သူငယ်ချင်းတွေနဲ့ အလ္လာပသလ္လာပ လေးတွေပြောရတာပေါ့
အိမ်မှာသောက်ရင် အမြည်းလဲမစုံဘူး ပြီးတော့မောင်တစ်ယောက်ထဲသောက်ရမှာ အဖော်မပါတော့ပျင်းစရာကြီး"

"ရှင်စားချင်တဲ့အမြည်းကိုပြော ကျွန်မအားလုံးလုပ်ပေးမယ်
အဖော်မရှိလို့ပျင်းနေရင် ရှင်စသောက်တာနဲ့
သောက်ပြီးတဲ့အထိဘေးမှာထိုင်နေပေးမယ်
ရှင်အချိုးပြေရင် အရက်ပါငှဲ့ပေးဦးမယ် ဟုတ်ပြီလား
အဲ့ဒါကျွန်မဘက်ကလုပ်ပေးနိုင်တာအကုန်ပဲ
ရှင်သောက်ချင်ရင်သောက် မသောက်ချင်ရင်လဲသဘောပဲ"

"အေးပါမိန်းမရယ်"

နောက်ဆုံးတော့ ကိုယ်ပဲလက်လျှော့ပေးလိုက်ရတယ်
ဒါကြောင့် ယောက်ျားဟာ ယောက်ျားပါပဲလို့ပြောတာ

ညနေရောက်တော့ အဖေနဲ့အမေကိုသွားကန်တော့
ပြီးတော့ ဈေးဝင် သူကသူဝယ်ချင်တာဝယ်
ကိုယ်ကတော့ နောက်ကနေ အထုပ်ဆွဲပေါ့
ခြေထောက်တွေကိုညောင်းလို့
သူတစ်ဈေးလုံးမွှေလို့နှံ့ပြီဆိုမှ အသံထွက်လာတယ်
"ရှင်ဝယ်ချင်တာဝယ်လေ" တဲ့

ဘာမှထွေထွေထူးထူးဝယ်မနေတော့ဘူး
ညစာအတွက်ဂရမ်းအပြာတစ်ထောင့်ဝယ်လိုက်တယ်
ကိုယ်ကလည်းအကြံနဲ့
တစ်ပြားဝယ်ရင်တစ်ရက်ပဲသောက်ရမှာ
တစ်ထောင့်ဝယ်တော့ ဘာပဲပြောပြောနှစ်ရက်စာငြိမ်ပြီလေ
ပြီးတော့ ယိုးဒယားသဘောင်္သီးထောင်းတစ်ပွဲ လမ်းမှာပါဆယ်ဆွဲလိုက်တယ် ဒီလောက်ပဲ
ကြက်ဥကြော်တို့ လက်ဖက်သုပ်တို့က သူအိမ်မှာလုပ်ပေးမယ်ဆိုတာနဲ့ မဝယ်တော့ဘူး

အိမ်ရောက်တာနဲ့သူက ကတိအတိုင်းမီးဖိုချောင်ဝင်ပြီး
အမြည်းလုပ်နေတယ် ကိုယ်တွေလည်း
အရက်ပုလင်းကိုရေခဲသေတ္တာထဲထည့် ဖန်ခွက် ရေ
ဆေးလိပ် မီးခြစ် တစ်ရှူး အကုန်အသင့်လုပ်ထားတယ်
ပြီးတော့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး
မလာနိုင်တော့တဲ့အကြောင်းတောင်းပန်ရတယ်
သူငယ်ချင်းတွေကလည်း တော်တော်မေတ္တာရှိပုံရတယ်
ဆဲလိုက်တာမှ မိုးမွှန်နေတာပဲ မတတ်နိုင်ဘူးလေ
ကိုယ်က အိမ်မပိုင်ပဲ ဂေါ်လီလုပ်ချင်တာကိုး
သူတို့ဆဲလည်းခံယုံပဲ

ယောက်ျားရေ ရပြီနော်

အမြည်းတွေအကုန်လုပ်ပြီးတော့
သူကဝိုင်းဘေးမှာယပ်တောင်လေးကိုင်ပြီး လှမ်းအော်တယ်

အေးအေး လာပြီမိန်းမ

ဒါမျိုးကျတော့လည်း ငါ့မိန်းမကအလိုက်သိသားပဲလို့
တွေးရင်း သူငှဲ့ထားပေးတဲ့ အရက်လေးကိုမော့ချ
ရေလေးနည်းနည်းသောက်ပြီး
ယိုးဒယားသဘောင်္သီးထောင်း
တစ်ဖတ်လောက်ကောက်ဝါးလိုက်တာ
ဝိုးးးးအရသာရှိလိုက်တာ

သူက ဘေးကနေ ယပ်တောင်လေးခပ်ပြီး
ကျွန်တော့်ကိုကြည့်နေတယ်
ကျွန်တော်ကတော့ တစ်လောကလုံးကိုမေ့ထားပြီး
ဇရက်မင်းစည်းစိမ်ခံစားနေတာပေါ့

သုံးခွက်လောက်သောက်ပြီးတဲ့အချိန်
သူလည်းပျင်းလာလို့ထင်တယ် အသံထွက်လာတယ်

"ယောက်ျား"

"အွမ်း ပြောလေမိန်းမ"

"အရက်သောက်တာကောင်းလား"

"ဟာ ကောင်းလို့သောက်တာပေါ့ မိန်းမရဲ့"

"ဟုတ်လား အဲ့ဒါဆို မိန်းမလည်း သောက်ကြည့်မယ်လေ"

"မလုပ်ပါနဲ့မိန်းမရယ် မင်းက ကျောင်းဆရာမလေ
မင်းတပည့်တွေ သိသွားရင် မကောင်းဘူး"

"အို ဘာဖြစ်ဖြစ်
ရှင်လည်း ကျောင်းဆရာမ ယောက်ျားပဲ
ရှင်တောင်သောက်သေးတာ ကျွန်မလည်း
နည်းနည်းတော့ သောက်ကြည့်ချင်တာပေါ့"

"မင်းအမေသိသွားရင် မကောင်းဘူးလေ"

"အမေ မသိပါဘူး အမေက အိပ်နေပြီ"

"အရက်သောက်တာမကောင်းဘူး မိန်းမရဲ့"

"ရှင်ခုနကပြောတော့ ကောင်းတယ်ဆို"

"အဲ့ဒါ ယောက်ျားလေးတွေအတွက်ပြောတာလေ"

"အရက်က ကျား/မ ခွဲထားသေးလို့လား
နိုင်ငံခြားမှာဆို မိန်းကလေးတွေလည်းသောက်နေတာကို"

"အဲ့ဒီ အရက်တွေက ပျော့တယ်မိန်းမရဲ့
ဒါက အပြင်း မိန်းကလေးတွေသောက်လို့မရဘူး
မိန်းမသောက်ချင်ရင် မောင် spy ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ်
သွားဝယ်ပေးမယ်လေ"

"မရဘူးကွာ အဲ့ဒီအပြင်းပဲ သောက်ချင်တာ"

"ဟာကွာ ပြောမရလည်း သောက် သောက်
ပြသနာတော့ မရှာနဲ့"

ဘယ်လိုမှ တားမရတဲ့အဆုံး သောက်ခိုင်းလိုက်တယ်
မဟုတ်ရင် ဘေးနားကနေမသောက်ပဲ ထိုင်ရစ်နေတာ
အရက်သောက်တာမမူးဘူး သူရစ်တာနဲ့ မူးပြီး
တစ်ခါထဲ အသက်ထွက်လောက်တယ်

"သောက် သောက်"

ဖန်ခွက်ထဲ တစ်ပက်ငှဲ့ပေးလိုက်တယ်
စကေးကြမ်းချက် တစ်ခါထဲမော့ပစ်တယ်
ပြီးတော့ ရေတောင်မသောက်ဘူး မျက်နှာကြီးရှုံ့မဲ့နေတာ
ရင်တွေဘယ်လောက်တောင် ပူနေလဲ မသိဘူး

ဟာ သေတော့မှာပဲ မိန်းမရော့ ရေသောက်
အဝသောက်ချလိုက် ဆိုပြီး ရေတိုက်လိုက်မှ
သက်သာသွားတယ်

"ကောင်းလား မိန်းမ"

"ဟင့်အင်း မကောင်းဘူး
အနံ့ကလဲ တစ်မျိုးကြီး ဗိုက်ထဲမှာလဲအရမ်းပူတယ်"

"အေး အဲ့ဒါကြောင့်ပြောတာ မသောက်နဲ့လို့
ခုရင်တွေပူနေပြီမလား ဆက်မသောက်တော့နဲ့နော်"

"သောက်ဦးမှာ"

" အမ် ဘုရား ဘုရား
ခုနကပြောတော့ ရင်တွေပူတယ်ဆို"

ဟုတ်တယ် အဲ့ဒါမသောက်တတ်သေးလို့
ခုသောက်တတ်သွားပြီ အရက်သောက်ပြီးတာနဲ့
ရေသောက်ရမယ် ပြီးရင်အမြည်းစားရမယ်
ဒါပဲလေ ကျွန်မအဲ့ဒီလောက်တော့မအပါဘူး ယောက်ျားရယ်

"အေး သောက်တတ်သွားရင်လည်း
ဆက်သောက်ကွာ မောင်ဘာမှ မပြောတော့ဘူး"

ဘယ်ပြောကောင်းမလဲ
လင်မယားနှစ်ယောက် သူတစ်ပက်ကိုယ်တစ်ပက်
အပြိုင်ကစ်တာပေါ့

အရက်တစ်ထောင့်ကျိုးခါနီး
လက်နှစ်လုံးလောက်အလိုလောက်ရောက်တော့
ကျွန်တော်က ဇက်ကျိုးနေပြီ
သူလည်း ဘယ်လောက်သောက်လို့
ဘယ်လိုဖြစ်နေပြီမှန်းကို မသိတော့တာ
အဲ့ဒီမှာ ပြသနာကစတာပဲ

"ဒုန်းး"

သောက်ပလုတ်တုပ်
စားပွဲခုံကို လက်သီးနဲ့ထုတာ
မူးနေတဲ့ကျွန်တော်တောင် လန့်သွားတယ်

"ဘာဖြစ်တာလဲ မိန်းမရဲ့"

"ပျောက်နေတယ်"

"အမ် ဘာပျောက်တာလဲ
ပိုက်ဆံလား ဖုန်းလား"

"မဟုတ်ဘူး ဦးထင်ကျော်"

"ဟာ သောက်ပြသနာတွေတော့ တက်ကုန်တော့မှာပဲ
ငပိကြော်နံ့တွေ ရနေပြီ"

"ဦးထင်ကျော်ကို ရှာပေးး"

"ဟာ မိန်းမရယ် မိုးချုပ်နေပြီလေ
မနက်ကျမှ မောင်ရှာပေးမယ် ဟုတ်ပြီလား"

"ပြီးတာပဲ ရှင်အခု အိပ်ယာပေါ်ကိုသွား"

"အိပ်ယာပေါ်ကိုမိန်းမ သွားရမှာလေ
မိန်းမမူးနေပြီ အိပ်တော့နော်"

"ဟျောင့် ငါမမူးသေးဘူးကွ
ငါ့ခေါင်းအုံးအောက်မှာ ဓါးရှိတယ် သွားယူ"

"ဘုရားဘုရား ဓါးယူပြီး ဘာလုပ်မလို့လဲ"

"ကျောင်းအုပ်ကြီးကို သွားသတ်မလို့"

"ဟာ အဲ့ဒါမှ အကြီးကြီး ပြသနာတက်မှာ
မလုပ်ပါနဲ့နော် သနားပါတယ်
မိန်းမသတ်လိုက်ရင် သူသေသွားမှာ"

"သေသွားနားအေးတယ်
အဲ့ကောင်ငါခွင့်တစ်ရက်လေးယူတာကို ခွင့်မပေးဘူးလေ
ဆရာမ အပျိုလေးတွေကျ ခေါင်းကိုက်တယ်လို့ပြောတာနဲ့
ချက်ချင်းအိမ်ပြန်ခိုင်းတာ နှာဗူးကြီး"

"အေးပါမိန်းမရယ် မောင်ခဏနေသွားသတ်ပေးမယ်နော်"

"အေး ပြီးတာပဲ အဲ့ဒါဆို အုပ်ချုပ်ရေးမှူးကို
အခုဖုန်းခေါ်"

"ဘာလုပ်ဦးမှာလဲ မိန်းမရယ်
ဆယ့်တစ်နာရီထိုးတော့မယ်လေ"

"အကြွေးတောင်းမလို့"

"သေချာလို့လားမိန်းမရယ်"

"ဟျောင့် သားရီး မင်း$စကားသိပ်များတာပဲကွာ
ခေါ်ဆိုခေါ်လိုက်"

"အေးပါ မိန်းမရယ် မောင်ခေါ်ပေးပါ့မယ်"

စိတ်ကျေနပ်အောင်ခေါ်ပေးလိုက်တယ်
MPT များလိုင်းကောင်းချက်
ချက်ချင်းကိုတန်းဝင်တာ
ကံကဆိုးချင်တော့အုပ်ကြီးကလည်း
ချက်ချင်းကိုဖုန်းကိုင်တာ

အုပ်ချုပ်ရေးမှူးကသူ့မောင့်တစ်ဝမ်းကွဲဆိုတော့
သူ့ဖုန်းမှန်း တန်းသိတယ်လေ
ကျွန်တော်လဲ ဘာတွေပြောမလဲသိချင်လို့
စပီကာဖွင့်ပြီးသူ့ကိုဖုန်းပေးလိုက်တယ်

"ဟဲလို အမ ပြော ဘာကိစ္စရှိလို့လဲ"

"ဟျောင့် အုပ်ကြီး မောင်နှမက မောင်နှမပဲ
ငွေရေးကြေးရေးက ငွေရေးကြေးရေးပဲ
ဒါကို မင်းနားလည်းထားကွ"

"ဟာ အမ ဘာတွေလာပြောနေတာတုန်း
ကျွန်တော် အမနဲ့ ငွေရေးကြေးရေး ရှင်းတယ်နော်"

"အောင်မာ မင်းအခုမှ ရူးချင်ယောင်ဆောင်မနေနဲ့
လမ်းခင်းတုန်းက မင်းငါ့ဆီက ရှစ်သောင်းတောင်းသွားပြီး
ငါးသောင်းပဲ စာရင်းပြတာလေ ငါအကုန်သိပြီးပြီဟျောင့်"

"ဟာ အမ နည်းနည်းတော့များသွားပြီ"

"များတော့ မင်းဘာလုပ်ချင်လဲ ဟျောင့်
ငါ့ယောက်ျားနဲ့မင်းထိုးရဲလား"

"ဟာ မိန်းမ မောင်မပါဘူးလေ
မောင့်ကိုဆွဲမထည့်နဲ့လေ"

"အသာနေစမ်းပါ အဲ့ကောင် ငကြောက် ငါ့မောင်
်အကြောင်းငါသိတယ်မင်းမထိုးရဲဘူးလား"

"ထိုးရဲတယ်လေ"

"အေးအဲ့ဒါဆိုပြီးတာပဲ ဟျောင့်အုပ်ကြီးကြားတယ်နော် ငါ
့ယောက်ျားကမင်းနဲ့ထိုးမယ်တဲ့မင်းအခုလာခဲ့ဟျောင့်"

"အေးလာခဲ့မယ် အခုစောင့်နေ
အမ မို့လို့သည်းခံနေတာ စော်ကားတာနည်းနည်းများသွားပြီ"

"ဂွတ်"

"ဖုန်းချသွားတယ်"

မကြာပါဘူး
အုပ်ချုပ်ရေးမှူးကော အရံမီးသတ်တွေရော
ရာအိမ်မှူးတွေရော ရောက်လာတယ်

ဒါကို မယ်မင်းကြီးမကဓါးနဲ့ပြေး
ခုတ်မယ်ချည်းလုပ်နေလို့မနည်းဆွဲထားရတယ်
သောက်ထားတဲ့အရက်တောင် ဘယ်ရောက်သွားမှန်းမသိဘူး

အဲ့ဒီညကသောက်ရှက်တွေလဲကွဲလို့
ယောက္ခမကို ဘယ်လိုမျက်နှာပြရမှန်းကိုမသိတော့တာ

တော်သေးတာပေါ့ အုပ်ချုပ်ရေးမှူးကသူ့မောင်ဖြစ်နေလို့
ခံဝန်လောက်နဲ့ပြီးတာ
နို့မို့ဆို လင်မယားနှစ်ယောက် ဂျေးထဲ သွားအိပ်ရမှာ

မနက်ကျတော့ သူမဟုတ်တဲ့အတိုင်းပဲ
အရက်နာကျနေတဲ့ရုပ်နဲ့
ညက မိန်းမနည်းနည်းများသွားတယ်တဲ့
ဘာမှပြောမနေတော့ဘူးဆောင့်ကန်ပစ်လိုက်တယ်လေ
ဆောင့်ကန်ပစ်လိုက်တယ် အေးရော

တောင်းပန်လွှာ - ဤစာထဲတွင်ပါဝင်သောလူပုဂ္ဂိုလ်
များအား စော်ကားလိုသည့်စိတ်ဖြင့်မဟုတ်ပဲ
ဟာသ သဘောဖြင့်သာထည့်သွင်းရေးသားထားသော
ကြောင့် ဟာသအမြင်ဖြင့်သာ မြင်ပေးကြပါရန်
ကိုယ်နှုတ်နှလုံးသုံးပါးဖြင့် ဤနေရာမှ
အနူးအညွှတ်တောင်းပန်အပ်ပါသည်

                                                        ဖန်အိမ်