ဘဝရဲ့အချိန်တိုတိုလေးအတွင်းမှာ ရှုပ်ရှုပ်ထွေးထွေးအမှုကိစ္စတွေကအများကြီးမလား အာ့လိုဖြစ်ရပ်လေးတွေက ရသခံစားနိုင်အောင် ဗဟုသုတရအောင်ဖန်တီးပေးနေတာက စာပေတွေပေါ့ လူသားတွေဟာ မဖြစ်မနေ စာဖတ်ကြရပါတယ် ဒါမှ အမြင်သစ်အတွေးသစ်တွေနဲ့အတူ ဗဟုသုတတွေ ရလာနိုင်မှာကိုး ဒါဆိုဘယ်လိုစာပေမျိုးတွေဖတ်ကမလဲ မီးချစ်ခံယူထားတာကတော့ စာပေတိုင်းမှာယူတတ်ရင် ဗဟုသုတရတာပါပဲ ခုလည်း စာလေးတစ်ပုဒ် ဖတ်ပီး ကြိုက်လို့ ပြန်ဝေမျှလိုက်ပါတယ် ဖတ်ကြည့်ပါအူး နော်
သွေးစကား
သွေးစကား
သံယောဇဉ်ဟူသည် ရစ်တွယ်နှောင်ဖွဲ့တတ်သော သဘောသဘာဝရှိ၏။ သံယောဇဉ်သည်ဆိုမှာ အာရုံတစ်ပါးပါးဖြင့် ထိတွေ့ခံစားမိလျှင် ထိုအချင်းအရာအပေါ် နှစ်လိုဖွယ်ရှိကာ အာရုံတွင်စွဲထင်ကျန်ရစ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် မကြားရ၊ မမြင်ရသော်လည်း စိတ်ခံစားမှုဖြင့် သံယောဇဉ်ရှိနေတတ်ကြသည်။ ဤကား သွေးကပြောသော
"သွေးစကား" ပင် မဟုတ်ပါလော။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေ့ ဖေကြီးက သမီးကို သူ့ဆိုင်ကို ခေါ်မယ်တဲ့။ သမီးပျော်လိုက်တာ အရမ်းပဲ။ သမီးစိတ်ထဲမူ တစ်ခါမှဒီလို မဖြစ်ပေါ်ဖူးဘူး။ ရင်တွေလည်း အရမ်းခုန်တယ်။ မှန်ထဲမှာ သမီးကိုသမီး ခဏခဏကြည့်နေရတာ အမော။ မေမေဝယ်ပေးထားတဲ့ အဝတ်အစားအသစ်တွေ ဝတ်ထားရတာ နေရထိုင်ရတော့ အခက်သား။ သမီးအလှဆုံးပြင်ထားမှ ကိုကြီးက သမီးကိုချစ်မှာ။ ဒီနေ့က ဖေကြီးရဲ့သား ကိုကြီးနဲ့ ပထမဦးဆုံး တွေ့ရမှာလေ။ သမီးကို ကိုကြီးသဘောကျအောင် အလှပဆုံးဝတ်စားထားတာ။ ဖေကြီးက သမီးကိုကြိုတင်ပြောထားတယ်။
ကိုကြီးက သမီးကိုချစ်အောင် နေရမယ်တဲ့။ဒါကြောင့် သမီးကိုမြင်ပြီး ကိုကြီးချစ်စိတ်ဝင်လာအောင် အလှပဆုံးလိမ်းခြယ်ထားရတာ။ ဟော ပြောရင်းဆိုရင်း အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တဲ့အသံကြားတယ်။ ဖေကြီး ရောက်လာပြီ ထင်ပါရဲ့။ သမီးထင်တဲ့အတိုင်းပဲ ဖေကြီးက အိမ်ရှေ့တံခါးမှာ သမီးကိုစောင့်နေတာ တွေ့တယ်။
သမီးလည်း ဖေကြီးဆီအပြေးအလွှားသွားလိုက်တယ်။ ဖေကြီးက သမီးဝတ်စားထားတာကြည့်ပြီး သဘောကျလို့ မဆုံးဖြစ်နေတာလေ။ သမီးစိတ်ထဲ အားတက်မိတယ်။ ဖေကြီးရဲ့ ဆိုင်ကယ်နောက်ကို အသာထိုင်လိုက်တယ်။ ဒီတစ်ခါ ဖေကြီးရဲ့ဆိုင်ကယ်နောက်မှာ စီးရတာက ခါတိုင်းကျောင်းကြိုကျောင်းပို့လုပ်တဲ့ အခါထက်ပိုပြီး ပျော်ရွှင်မိတယ်။ကြည်နူးပျော်ရွှင်မိတာ မပြောပြတတ်အောင်ဘဲ။
ဖေကြီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ ဆိုင်ကယ်ကိုထိုးရပ်လိုက်တယ်။ သမီးလည်း ဆိုင်နာမည်ကို သေချာဖတ်လိုက်တယ်။ဆိုင်နာမည်က တစ်လုံးထဲပဲ"ကောင်း"တဲ့။ ဒီဆိုင်က ဖေကြီးရဲ့ဆိုင်နာမည်ပေါ့။ ဖေကြီးက ကိုကြီးရဲ့နာမည်"ကောင်းမင်းခန့်"ကို ယူပြီး "ကောင်း"လို့ နာမည်ပေးထားတာလို့ မေကြီးက ပြောဖူးတယ်။
ဆိုင်ထဲကို အကဲခတ် ကြည့်မိတော့ ဆိုင်ထဲမှာ ထိုင်နေတဲ့လူအရေအတွက်က သိပ်တော့မများဘူး။ အဲလို အကဲခတ်ရင်း ကိုကြီးကိုတွေ့လိုက်ရတယ်။ ကိုကြီးက လက်ဖက်ရည် ဖျော်နေတာလေ။ ကိုကြီးက ဖေကြီးနဲ့ အရမ်းတူတာပဲ။ ကိုကြီးက လက်ဖက်ရည်ဖျော်နေတာကနေ သမီးကို လှမ်းကြည့်တယ်။ ဆိုင်ထဲဝင်ဖို့ သမီး မဝံ့မရဲဖြစ်မိတယ်။ စိတ်ထဲလည်း ကြောက်တာလိုလိုနဲ့ စိုးရိမ်ထိတ်လန့်မိတယ်။ ဖေကြီးရဲ့ အနောက်ကနေ မသိမသာကပ်လိုက်ပြီး ဆိုင်ထဲဝင်လာလိုက်တယ်။ ဖေကြီးအားကိုးနဲ့ ဆိုင်ကိုလိုက်လာခဲ့ရတာ။ ဖေကြီးက လွတ်နေတဲ့ စားပွဲဝိုင်းတစ်ခုမှာ သမီး ဒီမှာထိုင်လို့ပြောတယ်။ သမီးလည်း ဖေကြီးပြောတဲ့ စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ဖေကြီးက ဘာစားမလဲ သမီးတဲ့။ အခုမှ အမှတ်ရတယ်။ မနက်ကတည်းက အပျော်လွန်ပြီး သမီး ဘာမှမစားရသေးဘူး။သမီးလည်း ဖေကြီးကို"ယံယံခေါက်ဆွဲပြုတ်"သောက်မယ်လို့ ပြောလိုက်တယ်။ အဲဒီလိုပြောရင်း မလုံမလဲစိတ်နဲ့ ကိုကြီးကို ကြည့်မိတော့ ကိုကြီးက လက်ဖက်ရည်ဖျော်နေရင်းနဲ့ သမီးကို အသေအချာကြည့်နေတယ်။ သမီးဣနြေ္ဒရရ ပြင်ထိုင်လိုက်ရတယ်။ တော်ကြာ ကိုကြီးက သမီးကိုမချစ်ရင် ဘယ်နဲ့လုပ်မလဲ။ ကိုကြီးက အသားဖြူဖြူနဲ့ လူချောလူခန့်တစ်ယောက်ဆိုတာ သတိထားမိလိုက်မိတယ်။ ကိုကြီးကို အသာခိုးကြည့်မိတော့ ဖေကြီးက ကြိုကီးကို စကားပြောနေတာ တွေ့လိုက်တယ်။ သမီးစားဖို့ရာအတွက် ယံယံခေါက်ဆွဲပြုတ်လုပ်ပေးဖို့ ကိုကြီးကို ပြောနေတာ ထင်မိတယ်။ ကိုကြီးက သမီးအတွက် လုပ်ပေးပါ့မလား။ ကိုကြီးက ယံယံထုပ်ကို ဖောက်နေတာ တွေ့တော့ သမီးပျော်လိုက်တာအရမ်းပဲ။ ကိုကြီးက ယံယံခေါက်ဆွဲပြုတ်လုပ်ပေးနေရင်း သမီးကိုလှမ်းကြည့်တယ်။ သမီးလည်း မျက်နှာလွှဲပြီးဖွင့်ထားတဲ့ တီဗွီကိုကြည့်နေလိုက်ယ်။ တီဗွီထဲတော့ စိတ်ကမရောက်ဘူး။ ကိုကြီးကိုမသိမသာခိုးကြည့်ရင်း စိတ်ထဲကြည်နူးနေမိတာ။ ကိုကြီးကိုကြည့်လိုက် ကိုကြီးက သမီးကိုကြည့်ရင် မျက်နှာလွှဲလိုက်နဲ့ စိတ်ကြည်နူးစရာ ကောင်းလိုက်တာ။ ဒီလိုနဲ့ ဖေကြီးက သမီးကို ယံယံခေါဆွဲပြုတ်လာချပေးသွားတယ်။ ပြီးတော့ ဖေကြီးက ပြောသွားသေးတယ်။ ဖေကြီးရေချိုးလိုက်ဦးမယ်တဲ့။ သမီးလည်း ခေါင်းညိမ့်ပြလိုက်မိတယ်။ ဗိုက်ကအရမ်းဆာနေပြီလေ။
အငွေ့တထောင်းထောင်းထနေတဲ့ ယံယံခေါက်ဆွဲပြုတ်ရဲ့ အနံ့က သင်းပျံ့လို့ပေါ့။ ယံယံခေါက်ဆွဲပြုတ်ကို ကြည့်မိတော့ ကြက်ဥအနှစ်လေးတွေက ဟိုတစ်စ ဒီတစ်စတွေ့လိုက်တယ်။ ဟင်~ဖေကြီးက ကိုကြီးကို ထည့်ခိုင်းလိုက်တာလား။ ဒါမှမဟုတ် ကိုကြီးကပဲ သမီးကို စားစေချင်လို့ ထည့်ပေးလိုက်တာလား။
အငွေ့တထောင်းထောင်းနဲ့ ယံယံခေါက်ဆွဲပြုတ်ပူပူနွေးနွေးက အရမ်းစားလို့ကောင်းတာပဲ။သမီးလည်း ဗိုက်ဆာဆာနဲ့ ခေါင်းတောင်မဖော်နိုင်ဘဲ စားနေမိတယ်။ ချွေးတွေတဒီးဒီးကျပြီး
ယံယံခေါက်ဆွဲပြုတ်ကုန်ခါနီးကျမှ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတယ်။ ဟင်~ကိုကြီးက သမီးကို ကြည့်နေပါလား။ မျက်နှာပေါ်စီးကျနေတဲ့ ချွေးတွေကို အလျင်အမြန် တစ်ရှူးစနဲ့ သုတ်လိုက်တယ်။ ကိုကြီး အထင်သေးခံရမှာကို သမီးကြောက်တယ်။ ကိုကြီးက အထင်သေးပြီး သမီးကို မချစ်ရင်
ဒုက္ခဖြစ်မှာ။ ဖေကြီးကလည်း သမီးကို စိတ်ဆိုးမှာလေ။ ဒါကြောင့် သမီး လက်ကျန်ယံယံခေါက်ဆွဲပြုတ်လေးကို ဣနြေ္ဒရရ စားလိုက်တယ်။ ယံယံခေါက်ဆွဲပြုတ်ချဉ်ငံစပ်ကြောင့် ငရုတ်သီးစပ်ပြီး ပါးစပ်ပူနေပေမဲ့ ရေထသောက်ဖို့ မရဲဘူး။ တော်ကြာ် ကိုကြီး မကြိုက်ရင် အခက်။ ပါးစပ်ကို အသာဟပြီး လေကို ရှုသွင်းရှုထုတ်လုပ်နေမိတယ်။ အဲလို လုပ်ရင်း ဟိုဟိုဒီဒီလျှောက်ကြည့်မိတော့ နံရံပေါ်မှာ ဓာတ်ပုံတစ်ပုံတွေ့တယ်။ ဓာတ်ပုံထဲမှာ ဖေကြီးရယ်၊ကိုကြီးရယ်နဲ့ သမီးမသိတဲ့ အန်တီကြီးတစ်ယောက်နဲ့။ ဖေကြီးရဲ့ဇနီး၊ ကိုကြီးရဲ့မေပဲဖြစ်မယ်။ ကိုကြီးက သူတို့ရှေ့မှာ ရှင်လောင်းအဝတ်အစားဝတ်ပြီး ကိုကြီးက ပြုံးနေတာ။ ကိုကြီးကို ရှင်ပြုပေးတုန်းက ပုံပေါ့။ ဓာတ်ပုံထဲမှာ ကိုကြီးပြုံးနေတဲ့ပုံစံက အရမ်းချစ်ဖို့ကောင်းလိုက်တာ။ အခုက ကိုကြီးပြုံးနေတာကို တစ်ခါမှ မတွေ့ရဘူး။ ကိုကြီးက သမီးကို အထင်သေးပြီး မချစ်လို့များလား။သမီးကို စကားလေးတစ်ခွန်းတောင် မပြောဘူး။တော်တော်နေနိုင်တဲ့ ကိုကြီးပါလား။ ကိုကြီးကို ကြည့်မိတော့ ကိုကြီးက သမီးကိုကြည့်နေတာ။ ကိုကြီးရဲ့ စူးရှတဲ့ မျက်ဝန်းတွေကို သမီး ရင်မဆိုင်ရဲဘူး။ သမီးကို မမုန်းပါနဲ့ ကိုကြီး။
ကိုကြီးမုန်းမှာ သမီးအရမ်းကြောက်တယ်။ ကိုကြီးမကြိုက်ရင် သမီးမကြည့်တော့ပါဘူးနော်။သမီးကို ခွင့်လွှတ်ပါနော် ကိုကြီး။
ဒါကြောင့်မို့ သမီးဓာတ်ပုံကို ကြည်နေရာကနေ လွှဲဖယ်ပြီး တီဗွီကို ကြည့်လိုက်တယ်။ တီဗွီမှာလာနေတဲ့ ဇာတ်လမ်းက အစ်ကိုဖြစ်သူက ညီမဖြစ်သူကို အသက်ဘေးကနေ ကယ်လိုက်တဲ့ ဇာတ်လမ်း။ အပြင်မှာ ညီမလေးတစ်ခုခုဖြစ်ရင် ကိုကြီးက သမီးကို ကယ်ပါ့မလားဆိုတဲ့အတွေးက ခေါင်းထဲတိုးဝင်လာတယ်။အဲ့ဒီအတွေးကြောင့် ကိုကြီးကို ကြည့်မိတော့ ကိုကြီးက သူ့ဖုန်းကိုဖွင့်ပြီး ဂိမ်းဆော့နေတာ တွေ့တယ်။ပါးစပ်ကလည်း သမီးမသိတဲ့ သီချင်းတစ်ပုဒ်ကို ဆိုနေသေးတယ်။တကယ်ဆို ဘေးနားကနေရပ်ပြီး ကိုကြီးဂိမ်းဆော့တာကို သမီးကြည့်ချင်တာပေါ့။ပြီးရင် ကိုကြီးဆီက ဖုန်းကိုလုပြီး သမီးဂိမ်းဆော့မယ်လေ။ စိတ်ကူးနဲ့ပုံဖော်မိတဲ့ ဘဝလေးက ပျော်ရွှင်ကြည်နူးစရာ အပြည့်။
အခုဖြစ်နေတာနဲ့တခြားဆီပဲ။ ဒါပေမဲ့ ရေချိုးပြီးသွားတဲ့ဖေကြီးက သမီးလေးပြန်ရအောင်နော်တဲ့။ ပြီးတော့ ပြောသေးတယ်။ တော်ကြာ သမီးမေမေကမျှော်နေတော့မှာတဲ့။
တကယ်ဆို သမီးမပြန်ချင်သေးဘူး။ ဖေကြီးရဲ့ဆိုင်မှာနေချင်သေးတာ။ ကိုကြီးက သမီးကို ဘာစကားမှ မပြောသေးဘူးလေ။ ကိုကြီးဆီက ချစ်ခြင်းမေတ္တာကို သမီးရချင်သေးတယ်။ ဒါပေမဲ့ ဖေကြီးက သမီးကိုစိတ်ဆိုးပြီး နောက်တစ်ခါဆိုင်ကို မခေါ်မှာစိုးရိမ်ရသေးတယ်။ ဒါနဲ့ပဲ ဖေကြီးရဲ့စကားကိုနားထောင်မိတယ်။အိမ်ရောက်ရင်တကယ်ကို ပျင်းစရာကြီးရယ်။ ဖေကြီးရဲ့ ဆိုင်ကယ်ပေါ်ကနေ ကိုကြီးကိုကြည့်မိတော့ ကိုကြီးကလည်း သမီးကိုကြည့်နေတာ တွေ့တယ်။ ဘယ်ကဘယ်လိုဖြစ်တယ်မသိဘူး။ ဆိုင်ကယ်ထွက်ခါနီး ကိုကြီးကို လက်ပြနှုတ်ဆက်လိုက်တယ်။ ဆိုင်ကယ်က တစ်ရိပ်ရိပ်နဲ့ ဖေကြီးဆိုင်နဲ့ဝေးရာကို ဦးတည်နေပြီ။
ဒါပေမဲ့ ကိုကြီးရဲ့ ပုံရိပ်တွေက သမီးရင်မှာကပ်တွယ်ငြိပါလာတယ်။ ကိုကြီးက သမီးကို စကားတစ်ခွန်းမှ မဆိုပေမဲ့ ကိုကြီးကို သမီးချစ်တယ်။ ဖြစ်နိုင်ရင်လေ ကိုကြီးနဲ့ဖေကြီးတို့ရဲ့ ဘဝလေးထဲကို သမီးကိုဝင်ခွင့်ပြုပါနော်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေ့ဖေဖက သူ့သမီးကို ဆိုင်ကိုခေါ်လာမယ်တဲ့။ ဖေဖေ့ရဲ့သမီးဆိုတော့ ကျွန်တော့်ညီမလေးပေါ့။ ညီမလေးကို တစ်ခါမှ မမြင်ဘူးပေမဲ့ သိမ်ငယ်စွာနဲ့ လောကကြီးထဲကို ဘာမှမသိရှာဘဲ ဝင်ရောက်လာခဲ့ရတဲ့ညီမလေးရဲ့ဘဝ။ ညီမလေးကို သနားမိတယ်။ ညီမလေးကို အပြစ်မတင်ပါဘူး။ ညီမလေးမှာ ဘာအပြစ်ရယ်လို့မှ မရှိတာ။ ဟော~ပြောရင်းဆိုရင်း ဖေဖေ့ရဲ့ဆိုင်ကယ်နောက်မှာ အသက် ၉နှစ်အရွယ် ကောင်မလေးတစ်ယောက်။အဲဒီ ကောင်မလေးက ကျွန်တော်မြင်ဖူးချင်နေတဲ့ ညီမလေးပဲဖြစ်မယ်။
ညီမလေးက အလှဆုံးဖြစ်အောင် သစ်လွင်တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်စားထားတယ် ထင်ပါရဲ့။ ဒါပေမဲ့ ညီမလေးက အသားဖြူဖြူ သေးသေးသွယ်သွယ်နဲ့ အရမ်းချစ်စရာကောင်းတယ်။ အင်းလေ_ညီမလေးက ဆိုင်ကိုပထမဆုံးအကြိမ်လာတာ ဆိုတော့ အဝတ်အစားသစ်တွေ ဝတ်လာတာဖြစ်မယ်။ ညီမလေးက မဝံ့မရဲနဲ့ ဖေဖေ့နောက်က ကပ်လိုက်လာတယ်။ ဖေဖေက ညီမလေးကို စားပွဲဝိုင်းအလွတ်တစ်ခုမှာ ထိုင်ဖို့နေရာပြလိုက်တယ်။ ညီမလေးကလည်း အလိုက်တသိနဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ ပြီးတော့ ဖေဖေက ညီမလေးစားချင်တာကို မေးနေတယ်ထင်ပါရဲ့။ ခဏနေတော့ ဖေဖေက ညီမလေးအတွက် ယံယံခေါက်ဆွဲပြုတ်တစ်ပွဲလုပ်ပေးဖို့ ပြောတယ်။ ကျွန်တော်လည်း ဖေကြီးကို လက်ဖက်ရည်ဖျော်ဖို့ ပြောပြီး ညီမလေးအတွက် ယံယံခေါက်ဆွဲပြုတ်ကို လုပ်ပေးနေမိတယ်။ ဒါ့အပြင် ညီမလေးကို စားစေချင်လို့ ယံယံခေါက်ဆွဲပြုတ်ထဲကို ကြက်ဥတစ်လုံးကို ဖောက်ထည့်လိုက်တယ်။ ညီမလေးအတွက် လုပ်ဆောင်ပေးမိတဲ့ ပထမဆုံးမေတ္တာတရား ထားရှိမှုပေါ့။ ယံယံခေါက်က်ဆွဲပြုတ်လုပ်ပေးနေရင်းကနေ ညီမလေးကို ကြည့်မိတော့ ညီမလေးက ကျွန်တော့်ကိုကြည့်နေရာကနေ မျက်နှာကိုလွှဲပစ်လိုက်တယ်။ ကျွန်တော့်ကို ကြောက်ရွံ့စိုးထိတ်နေတယ် ထင်ပါရဲ့။ ညီမလေးကြည့်နေတဲ့တီဗွီကို ကြည့်လိုက်တော့ အရင်ရက်က ကြည်ခဲ့ဖူးတဲ့ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာဖွဲ့ အင်္ဂလိပ် အက်ရှင်ဇာတ်ကား တစ်ကား။ ညီမလေး စားဖို့ ယံယံခေါက်ဆွဲအဆင်သင့်ဖြစ်တော့ ဖေဖေ့ကို ယံယံခေါက်ဆွဲပြုတ်ရပြီလို့ ပြောလိုက်မိတယ်။ ကျွန်တော်ကိုယ်တိုင် သွားပို့ပေးဖို့ စိတ်ထဲမှာ စိုးထင့်နေတယ်။ ဘယ်အကြောင်းတရားက ကျွန်တော့်ကို ဟန့်တားထားတာလဲဆိုတာ ကျွန်တော်မသိဘူး။ ဖေကြီးက ညီမလေးအတွက် ယံယံခေါက်ဆွဲပြုတ်ချပေးပြီး ရေချိုးဖို့ ထွက်သွားပြီ။ တကယ်ဆို ဖေဖေကြီးက ညီမလေးနဲ့ကျွန်တော့်ကို မိတ်ဆက်ပေးသင့်တာပေါ့။ အခုတော့ ညီမလေးနဲ့ကျွန်တော်က တစိမ်းပြင်ပြင် အနေအထား။ ညီမလေးက ဗိုက်ဆာနေတာ ထင်ပါရဲ့။ ယံယံခေါက်ဆွဲပြုတ်ရပြီဆိုတာနဲ့ အားရပါးရစားနေလိုက်တာ ခေါင်းတောင်မဖော်တော့ဘူး။ ညီမလေးနဖူးပေါ်မှာ ချွေးတွေက စီးကျလို့ပေါ့။ကျွန်တော်လုပ်ပေးတဲ့ယံယံကို အရသာရှိရှိစားနေတာလေ။ ညီမလေး အရသာရှိရှိစားနေတာကြည့်ပြီး ကျွန်တော် ပီတိဖြစ်မိတယ်။
ညီမလေးက အခုမှ ဘေးပတ်ဝန်းကျင်ကို သတိထားမိတယ် ထင်ပါရဲ့။ ပြီးတော့ ညီမလေးက ကျွန်တော့ကိုကြည့်တယ်။ ကျွန်တော်လည်းမျက်နှာကို အလျင်မြန်လွှဲလိုက်တယ်။ ညီမလေးက ကျွန်တော်သူ့ကို ကြည့်နေတာသိရင် ရှက်ရွံ့သိမ်ငယ်သွားမှာလေ။အဲ့ဒီလိုဖြစ်မှာ ကျွန်တော်မလိုချင်ဘူး။ ညီမလေး လက်ကျန်ယံယံ အနည်းငယ်ကို သိမ်သိမ်မွေ့မွေ့စားနေတာတွေ့တယ်။ ညီမလေးခမျာ ကျွန်တော်ကြည့်နေတာသိသွားတယ် ထင်ပါရဲ့။
ပြီးတော့ ကျွန်တော့်အထင်သေးမှာ စိုးရိမ်နေလားမသိဘူး။ ဟော~ကြည့်စမ်းပါဦး ငရုတ်သီးစပ်နေပြီ။ ညီမလေးက ငရုတ်သီးစပ်နေပေမဲ့ ရေအိုးစဉ်မှာ ရေမသောက်ဝံ့ဖြစ်နေတာ။ သူ့ပါးစပ်လေးကို ဟပြီးငရုတ်သီးအစပ်ပြေအောင် လုပ်နေရှာတယ်။ ငရုတ်သီးအစပ်ပြေအောင် ရေသောက်လိုက်ပါ ညီမလေးရယ်။ ညီမလေးက ဟိုကြည့်ဒီကြည့်လုပ်နေတယ်။ မကြည့်နဲ့ညီမလေး။ မင်းရှေ့ဆက်ပြီးမကြည့်နဲ့။မင်းစိတ်ထိခိုက်ရလိမ့်မယ်။ ညီမလေးကို ကျွန်တော်စိတ်ထဲကတားနေပေမဲ့ မရဘူး။ညီမလေးက လွန်ခဲ့တဲ့ခြောက်နှစ် ကျွန်တော်ငါးတန်းအရွယ် အလှူပေးတုန်းက ဓာတ်ပုံကို ကြည့်နေတာ။ ညီမလေးစိတ်ထဲမှာ ဘယ်လိုခံစားနေရပါလိမ့်။ ကျွန်တော်စိတ်ပူမိတယ်။ ညီမလေးနဲ့အတူ ဓာတ်ပုံကိုကြည့်မိတော့ မေမေရဲ့အပြုံးမျက်နှာကို မြင်မိတယ်။
သြော် မေမေတောင်သားနဲ့ဖေဖေ့ကို ခွဲသွားတာ သုံးနှစ်သုံးမိုး ကျော်ခဲ့ပြီပဲ။ ပျော်ရွှင်မှုအချို့ ဆိတ်သုန်းခဲ့ရတဲ့အတိက်ကို ကျွန်တော် ပြန်မစဉ်းစားချင်ဘူး။မေမေ့ရဲ့ဝမ်းနည်းစရာ မြင်ကွင်းအချို့။ ဒါဘယ်သူ့အမှားလဲ။ ဘယ်သူပဲမှားခဲ့ပါစေ အခု ကျွန်တော့်ရှေ့မှာ
ဖြူစင်တဲ့ပန်းလေးတစ်ပွင့်။ သူ့ကို ရေလောင်းပေါင်းသင်ပြီး ကျွန်တော်ပြုစုရမယ်လေ။ အဲ့ဒီပန်းလေးဟာ ညီမလေးပေါ့။ ညီမလေးရယ် မင်းဟာဖြူစင်တဲ့ကလေးတစ်ယောက်ပါ။ မင်းရဲ့ရှေ့ဆက်ရမဲ့ဘဝမှာ ရင်နာစရာ အဖြစ်အပျက်တွေ မပေးချင်ဘူး။ မင်းဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းစေချင်တယ် ညီမလေးရယ်။ ဟင်~ညီမလေးကိုကြည့်ပြီး လျောက်တွေးနေမိတာ ညီမလေး သတိထားမိသွားပြီ။ ကျွန်တော်လည်း ကမန်းကတန်းနဲ့ ဖုန်းကို
ကောက်ကိုင်ပြီး ဂိမ်းဖွင့်ဆော့နေလိုက်တယ်။မသိမသာ ညီမလေးကို အကဲခတ်ရင်းပေါ့။ ညီမလေးက တီဗွီကိုစိတ်ဝင်တစားကြည့်နေတယ်။ ကျွန်တော်လည်း တီဗွီကိုကြည့်မိလိုက်တယ်။ တီဗွီမှာလာနေတဲ့ဇာတ်လမ်းရဲ့ နောက်ဆုံးခန်း။ အစ်ကိုဖြစ်သူက ညီမလေးကို လူဆိုးတွေလက်ထဲကနေ ကယ်တင်လိုက်တဲ့ဇာတ်သိမ်းခန်းပေါ့။
လက်တွေ့မှာရော ညီမလေး တစ်ခုခုဖြစ်ရင် ကျွန်တော် ကယ်တင်နိုင်ပါ့မလား။ ကျွန်တော်မသိချင်ဘူး။ ညီမလေးက အဲလိုဖြစ်မှာ မဟုတ်ပါဘူးလေ။ အတွေးစိတ်ကိုဖျောက်ဖျက်ရင်း ဂိမ်းပြန်ဆော့နေလိုက်တယ်။ ဂိမ်းသာဆော့နေရတာ ဂိမ်းထဲမှာ အာရုံက မရောက်ဘူး။ညီမလေးကို ကြည့်မိတော့ ညီမလေးက စိတ်ဝင်တစားနဲ့ကျွန်တော့်ကို ကြည့်နေပါလား။ညီမလေးလည်း ဂိမ်းဆော့ချင်တယ် ထင်ပါရဲ့။ ညီမလေးရဲ့အိမ်မှာကော ဂိမ်းဆော့ရပါ့မလား။ ညီမလေးရဲ့မေမေက ညီမလေးကို ဂိမ်းဆော့ခွင့်ပေးပါ့မလား။ သနားစရာကောင်းတဲ့ ညီမလေး။ နောင်ကျရင် ညီမလေးနဲ့အတူ ကိုကြီးတို့ တစ်ယောက်တလှည့် ဂိမ်းဆော့ကျမယ်နော်။ ဟော~ဖေဖေက ညီမလေးကို အိမ်ပြန်ကြဖို့ ပြောနေပြီ။ ညီမလေးကို မပြန်စေချင်သေးဘူး။ ကျွန်တော်နဲ့ညီမလေးကို ဘာဖြစ်လို့ ရဲရဲဝံ့ဝံ့ တွေ့ခွင့်မပေးတာလဲ။ ဖေဖေရဲ့နောက်မှာ ညီမလေးလိုက်သွားရပြီပေါ့။ ဒါပေမဲ့ ညီမလေးရဲ့ ခြေလှမ်းတွေက နှေးကွေးနေသလိုပဲ။ညီမလေး မပြန်ချင်ရှာသေးဘူး ထင်ပါရဲ့။ ဆိုင်ကယ်ပေါ်တက်ခါနီး ညီမလေးက ကျွန်တော့်ကိုလှမ်းကြည့်တယ်။ ညီမလေးရဲ့ညှိုးငယ်နေတဲ့မျက်ဝန်းတစ်စုံ။ ဆိုင်ကယ်ထွက်ခါနီး ညီမလေးက လက်ကလေးပြပြီး ကျွန်တော့်ကို နှုတ်ဆက်နေပါလား။ ကျွန်တော့်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော် ညီမလေးကို လက်ပြပြီးပြန်မနှုတ်ဆက်မိဘူး။ သြော်~ညီမလေးရယ် မင်းစိတ်ထဲမှာ ဘယ်လို ခံစားနေရလဲဆိုတာ ကိုကြီးသိပါတယ်။ ရွေးချယ်ပိုင်ခွင့်မရှိဘဲ စိတ်အားငယ်ရတဲ့ဘဝတစ်ခုကို ညီမလေး ပိုင်ဆိုင်ထားရတယ်လေ။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့ ညီမလေး။ အခုချိန်မှာ ကိုကြီးက ညီမလေးကို စကားမပြောဘဲ စိမ်းကားတဲ့အမူအရာဖြစ်နေပေမဲ့ ကိုကြီးစိတ်ထဲမှာ ညီမလေးကို ကိုကြီးရဲ့ ညီမလေးအရင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါပြီ။ ကံကြမ္မာရဲ့ဖန်တီးပေးမှုမှာ ရှင်သန်နေရတဲ့ညီမလေးအတွက် အစစအရာရာ ဖြည့်ဆည်းပေးဖို့ ကိုကြီးဆုံးဖြတ်လိုက်ပါပြီ။ ညီမလေးရဲ့မေမေကသာ ခွင့်ပြုမယ်ဆိုရင် ဖေဖေနဲ့ ကိုကြီးရယ် ပြီးတော့ ညီမလေးရယ် ပျော်ပျော်ရွှင်ရွှင် နေကြမယ်နော် ညီမလေး။ အဲ့လို မိသားစုဘဝမျိုး မဖြစ်နိုင်ရင်တောင် ညီမလေး ဆိုင်ကို လာတဲ့အခါတိုင်း ညီမလေးကြိုက်တဲ့ ယံယံခေါက်ဆွဲပြုတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ် ညီမလေး။ ဘယ်တော့မှ အားမငယ်နဲ့နော် ညီမလေး။ကိုကြီးကို ညီမလေးရဲ့ အစ်ကိုအရင်းတစ်ယောက်လို့ စွဲစွဲမြဲမြဲမှတ်ထားလိုက်ပါ။ ဖအေတူ အမေကွဲလွဲနေပေမဲ့ ညီမလေးရှေ့ဆက်ရမဲ့ ဘဝခရီးကို ဂရုစိုက်တစိုက်နဲ့
ပြုစုပျိုးထောင်ပေးမယ်။ ကိုကြီးတို့ဘဝထဲကနေ ညီမလေးကို အမြဲတမ်းတံခါးဖွင့် ကြိုဆိုနေပါတယ် ညီမလေးရယ်။
ဇော်ဇော်မောင်
ဖတ်ပြီးရင်ထဲမှာ နဲနဲကျန်နေခဲ့တယ် နံမယ်ကြီးစာရေးဆရာတွေတော့မဟုတ်ပါဘူး အစွမ်းရှိသလောက်ကြိုးစားနေတဲ့ဝါသနာရှင်တွေကို မီးချစ်ပြန် ဝေမျှကြေငြာပေးတဲ့သဘောလည်းပါသလိုစာဖတ်သူတွေကိုလည်း ဖတ်ကြည့်စေချင်လို့ပါ ရင်ထဲတခုခုကျန်ခဲ့ရင်ပြောပြခဲ့နော်
meechit