ညီညီညာညာ

in #esteem6 years ago (edited)

ယနေ့သားမောင်တို့ဌာနေ လေပြင်းတွေ တိုက်နေ၏။
မနေ့ဆီက လေအတိုက်ခံရတာထက်တော့ မနည်းဘူးလို့ဆိုနိုင်သည်။
ကျန်းမာရေးအရတော့ ဂွတ်ထလို့ သားမောင်ပြောနိုင်သည်ပေါ့။
မိတ်ဆွေအများလည်း နေကောင်း၊ ကျန်းမာကြသည်မဟုတ်လား။
နေကောင်း၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်း သားမောင် ဆုတောင်းပေးပါသည်။
image
မနေ့ညဆီက သားတို့မာမား တိုင်းပြည်ကို မိန့်ခွန်းပြောကြားသည်။
မိန့်ခွန်းထဲမှာ ကဏ္ဍတွေ အတော်များများပါလေသလား။
ထုံးစံမပျက် လည်ထွက်နေအောင် စကားအဆန်းတွေပါ၏။
ပြည်သူနဲ့အတူဆိုသည့်စာသားတောင် နည်းနည်းတော့ ပြောင်းသွားလေသလား။
ဒီတစ်ခါကျ စုပေါင်းအင်အားကို အလေးထားသည်လို့ဖြစ်လာသည်။
စုပေါင်းအင်အားဖြင့် စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ရန် သံဓိဌာန် ချလိုက်သည်လို့လည်း ဆိုသေး၏။
ကျေးဇူးတင်သည့်အစုအဖွဲ့မှာ အားပေးထောက်ခံခဲ့သူများသာ ထည့်သွင်းပြောကြားခဲ့သည်ပေါ့။
မထောက်ခံ၊ ကန့်ကွက်နေသူများအတွက် သတင်းစကားမပါဝင်ပါ။
စကားလုံးများအရ နောက်နှစ်လောက်မှာ ရွှေချထားနိုင်လောက်ပါသည်။

သားတို့မြန်မာမှာ သမ္မတမင်းအသစ် ပေါ်ထွန်းလာတာ ရက်ပိုင်းမျှသာရှိသေး၏။
လှုပ်ရှားမှုအရ ဘာမှ လုပ်မပြရသေးမီကာလ ဘုန်းတော်ဘွဲ့တွေ ပေါ်လာလေသလား။
မြန်မာ့ကဗျာလောကမှာ တစ်ခေတ်ဆန်းပြီဆိုနိုင်သည့် ကဗျောင်ဖြင့် ရေးသားသီကျုးသွားတာ သိပ်လေးစားဖို့ကောင်းသည်။
ကွက်ကျော်စပ်လို့ ဆိုနိုင်သည့်ကဗျောင်ဖြင့် မြန်မာ့ကဗျာခေတ်အသစ်ကို ဒီမိုခေတ်မှာ ဖော်ထုတ်ပေးတာ ကျေးဇူးတင်ထိုက်၏။
သမ္မတမင်းက အမတ်မင်းနှင့် အမတ်ချုပ်ဘ၀မှာ သိန်းထောင်ကျော်မျှ လစာရခဲ့တာတောင် အိမ်မ၀ယ်နိုင်တာကျ သူမေ့သွားလေသလား။
အနာဂါတ်မြန်မာဖတ်စာမှာ ထိုကဗျောင်ကို ထည့်ပြီးသင်ကြားသင့်ပါသည်လေ။

လက်ထက်တော်ကြီးမှာ အသစ်အဆန်းတွေ မကြာခနကြားသိရ၏။
လွန်လေသည့်ရက်ပိုင်းက ဧရာတိုင်းမှာ ကြိုးတံတားတစ်စင်း ပြတ်ကျသွားကိစ္စ အပြန်အလှန်ဆိုသလို လက်ညှိုးတွေ ထိုးနေသည်။
ငှက်တွေကတော့ အစဉ်အလာမပျက် ဘဘကြီးတွေဘက်ထိုးသည်ပေါ့။
ထိုတံတားပြတ်ကျတာ စိတ်ပူဖွယ်ရာ မရှိတော့ပါ။
သားတို့မာမားက အလေးအနက်ထားမေးမြန်းသည်လို့ ဆိုသည်မဟုတ်လား။
ခေါင်းဆောင်ကြီးက ပြည်သူတွေအပေါ်စိတ်ဝင်တစားရှိပါသည်လို့ ညွှန်းဆိုနိုင်ရေးအခုလိုအပြောမှာ တွေးစရာတွေပေါ်၏။
လွန်လေသည့်ကိစ္စရပ်နှငိ့ ပြသနာများ အလေးအနက်မထားခဲ့ဘူးလား။
သွားတော့ မမေးကြပါနှင့်။ ၅၀၅ သည် အလကားမနေတတ်ပါ။

တံတားပြတ်ကျတာဖြစ်ပြီး တစ်ရက်အကြာမှာ တံတားတွေ ဖွင့်လိုက်ပြီကြား၏။
ရခိုင်မြေအတွက် မင်္ဂလာသတင်းတက်တာလို့ ဆိုနိုင်သည်။
တံတားအသစ်ဖွင့်တာမှ ၅ စင်းတောင်ဖွင့်တာ မဟုတ်လား။
မောင်တောဒေသအတွက် အားတက်ဖွယ်ရာလို့ဆိုနိုင်သည်ပေါ့။
အခြားတစ်ဘက်မှာ လျပ်စစ်ဓာတ်အားလိုင်းလဲ ဖွင့်လှစ်သေးသည်တဲ့။
ရသေ့တောင်မြို့အပါ ကျေးရွာ ၂၀ ကျော်အား မီးပေးနိုင်ပြီဖြစ်၏။
ထိုသည့်သတင်းစကားများအတွက် သားမောင် သိပ်ကျေနပ်မိပါသည်။မဟုတ်လား။
ရခိုင်ဒေသမှာ နောက်ကျကျန်နေတာ အခုလိုကိစ္စတွေ အားနည်းခဲ့လို့မဟုတ်လား။
သားရေကြိုးတစ်ပြားတွေအတွက် ဖြစ်မသွားလျင် ပိုလို့တောင်ကျေနပ်ချင်မည်ထင်ပါသည်။

ဖန်ခါးမြေမှာ ၀န်မင်းတွေ လစ်လပ်နေ၏။
လအတန်ကြာသည့်အထိ ကြာကူလီဝန်မင်းနေရာအပါ နှစ်နေရာမှာ လစ်လပ်နေတာ ဖြစ်ပါသည်။
လွန်လေသည့်ကာလ ၀န်မင်းအသစ်နှစ်ဦးအမည်စာရင်းအပို့မှာ ကန့်ကွက်တာများသည့်အတွက် ပယ်ဖျက်ခဲ့ရလေသလား။
ယခုတော့ ထိုဝန်မင်းများနေရာ အစားထိုးနိုင်ရေး အမည်စာရင်းအသစ် ပြန်ပြီးတင်သွင်းလိုက်ပြန်ပြီပေါ့။
ဝန်မင်းချုပ်ကြီး ပြောပြီးဆောင်ရွက်ရန်ကျန်နေတာ ရှိသေးသည်။
ဆန္ဒပြပွဲကိစ္စ လက်နက်ကိုင်၊ လက်မည်းကြီးတွေက ထိန်းချုပ်ထားသည်လို့ သူဆိုခဲ့သည် မဟုတ်လား။
ထိုသူများကို ဖော်ထုတ်ချပြသွားမည်လို့လဲ ဆိုသေးသည်လေ။
အဖြေရလာဒ် အခုထိ ထွက်မလာသေးတာ မမေ့စေလိုပါ။

မကြာမီကာလ မြန်မာနှစ်သစ်ကူးကာလ ရောက်ရှိတော့မည်ဖြစ်၏။
သင်္ကြန်ကာလ ရန်ကုန်မြို့တော်မှာ ရေကစားမဏ္ဍပ် ၆၀ ကျော်မျှအား ခွင့်ပြုပေးထားသည်ပေါ့။
ယခင်နှစ်များက ပါးလျားခဲ့သည့်သင်္ကြန် ယခုနှစ်တော့ စည်စည်ကားကား ကြုံတွေ့ဖွယ်ရှိနေလေသလား။
ငှက်တို့ထုံးစံအရ ခွင့်မပြုလျင်လည်း အကွက်တွေလှ၍ ခွင့်ပြုပါက လက်ခုပ်တွေ ထ တီးတတ်ပါသည်။
ယမန်နှစ်ဆီက မိုးလေ၀သ ဆရာကြီးက ရေဖြုန်းတီးရာရောက်သည့် အတွက် သင်္ကြန်မှာ မဏ္ဍပ်တွေ လျော့ချတာ ကောင်းသည်ဆို၏။
ယခုနှစ်လို ပြန်လည်ခွင့်ပြုသည့်အခါ မိုးလေ၀သကြီးဆီက အသံ ထွက်မလာပါလား။
တောက်တဲ့ဆိုတာ အရောင်ပြောင်းယုံမက ဖားတတ်တာ သားသဘောပေါက်သွားပါသည်လေ။

မနေ့မနက်ဆီက မြစ်ကြီးနားမှာ အနုကြမ်းစီးခံရတာဖြစ်သွား၏။
ရွှေဆိုင်အဖွင့်မှာ လူနှစ်ဦးက ဓားထောက်ပြီး ရွှေသား ၃ ပိသာနှင့် ငွေသား သိန်း ၂၀၀ အားယုယက်ကြလေသလား။
ထိုသည်သာမက ဆိုင်ရှင်ကိုဓားနှင့်ထိုးပြီး ကားကိုပါ ခိုးသွားကြသည်။
ကားကိုပြန်လည်တွေ့ရှိသော်ငြား သူခိုး၊ သူဝှက်များတော့ ထွက်ပြေးသွားကြ၏။
ထွက်ပြေးသွားသူများ လွတ်လမ်းမရှိအောင် ရဲတပ်ဖွဲ့က စီမံဆောင်ရွက်ထားသည့်အတွက် တစ်အားတက်မိသည်ပေါ့။
သူခိုး၊ သူဝှက်များ၏ ပုံကြမ်းအား ထုတ်ပြန်ထားတာ သိကြသည်မဟုတ်လား။
ကွက်ကွက်ကွင်းကွင်းဆိုသလို ပုံကြမ်းအထွက်မှာ မကြာခင် ကွိကနဲ မိတော့မည်လို့ သားယုံကြည်မိပါသည်လေ။

တစ်နေ့တာအတွက် သတင်းမျှဝေတာ နားချိန်ကျပြီပေါ့။
နောက်တစ်နေ့ကျ ပြန်ဆုံကြမည်မဟုတ်လား။
အခုညတော့ နုတ်ဆက်လိုက်ပါသည်။
ကျေးဇူးလည်း အများကြီး တင်သည်ပေါ့။
@Klone

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

မန်မာ့ကဗျာလောကမှာ တစ်ခေတ်ဆန်းပြီဆိုနိုင်သည့် ကဗျောင်ဖြင့် ရေးသားသီကျုးသွားတာ သိပ်လေးစားဖို့ကောင်း။