ဆည်းဆာရှိုက်သံ

in #esterm7 years ago (edited)

image

"ဆရာ ဆရာနဲ့ တွေ့ချင်လို့တဲ့"
အမျိုးသမီးလူနာဆောင်ဘက်မှာ လူနာတစ်ယောက်ကို ကြည့်နေတုန်း တာဝန်ကျဆရာမက လာပြောတယ်။ ဆရာမရဲ့ နောက်မှာ
လူလေးယောက်က ရပ်နေကြတယ်။ အဲဒီလူ လေးယောက်ထဲက ခပ်ပိန်ပိန်နဲ့ အမျိုးသမီးကို ကျွန်တော်သိပေမဲ့
သူနဲ့အတူ ပါလာတဲ့ အမျိုးသားနှစ်ယောက်နဲ့ ခပ်ဝဝ အမျိုးသမီးကို ကျွန်တော် မမြင်ဖူးပါဘူး။
"ဆရာ ကျွန်မကို မှတ်မိလား မသိဘူူး"
ကျွန်တော် သူမကို ခေါင်းညိတ်ပြရင်း လာလမ်းအတိုင်း ပြန်လှည့်သွားတဲ့ ဆရာမရဲ့ ကျောပြင်ကို
အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိတယ်။သူမကို မှတ်မိတာပေါ့။
ဦးလူလေးနဲ့ ပတ်သက်ပြီး
ကျွန်တော့် ဦးနှောက်ထဲမှာ သူမကို မှတ်မှတ်ရရ ရှိနေမိပါတယ်။
#############
"ဆရာ လူနာတစ်ယောက်ရောက်တယ်။ ပစ်ကပ်(Pick-up) တဲ့"
"ဟင်"
ည ရှစ်နာရီ အချိန်ကြီး လူနာစောင့်မပါတဲ့
လူနာတစ်ယောက်တစ်ယောက်ရောက်လာလို့ နည်းနည်းတော့ စိတ်ညစ်သွားမိတယ်။ သူရဲကောင်းဆရာဝန် ဝတ္ထုတွေထဲကလို အပြုံးပန်းတွေ မဝေနိုင်ဘဲ လူနာဆီ အမြန်သွားရတယ်။
လူနာနား စမ်းသပ်ဖို့ ကပ်လိုက်တာနဲ့ အရက်နံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။လူနာရဲ့ အဖြူအနက်ရောနေတဲ့ ဆံပင်နဲ့ မုတ်ဆိတ်မွှေးတွေက မွဲခြောက်ခြောက်။ဝတ်ထားတဲ့ ပုဆိုးနဲ့ အကျႌက ချေးအထပ်ထပ်နဲ့။ ဖောရောင်နေတဲ့ မျက်နှာ၊ဝါထိန်နေတဲ့ အသားအရည်၊တုန်ယင်နေတဲ့ လက်တွေက အရက်ကို တာရှည်စွာ စွဲသောက်လာတယ်လို့ ယူဆရတယ်။လူနာက ဖုတ်လှိုက် ဖုတ်လှိုက် နဲ့ ခပ်နဲ့နဲ့။
"ဦးလေး ဘယ်လိုခံစားနေရလဲ"
ခပ်ဖြူဖြူဖြစ်နေတဲ့ နှုတ်ခမ်းက တလှုပ်လှုပ်နဲ့ စကားသံထွက်လာဖို့ ကြိုးစားပေမဲ့ အသံကထွက်မလာခဲ့ဘူး။
အသက် ရှူသွင်း ရှူထုတ်ဖို့ကို အတော်လေး အားယူနေရပုံ ပေါ်တယ် ။သွေးထဲအောက်စီဂျင်တိုင်းတဲ့ ကိရိယာ နဲ့ တိုင်းကြည့်တော့ အတော်လေး နည်းနေတာ တွေ့ရတယ်။
"အောက်စီဂျင် ပေးပါဆရာမ"
"မောင်စိုးရေ အောက်စီဂျင်ဘူး ယူခဲ့ပါ"
ဆရာမက လူနာ နှာခေါင်းဆီ အောက်စီဂျင် ပိုက်တပ်ရင်း ဆေးရုံလုပ်သားဆီ လှမ်းအော်တယ်။
လူနာကို စန်းသပ်ကြည့်တော့ ဗိုက်ထဲမှာရှိတဲ့ ရေပိုတွေကြောင့်(ရေဖျင်းတွေ ကြောင့်) အသက်ရှူရခက်နေတာကို တွေ့ရတယ်။အသည်းခြောက်နေတဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ဆရာမက လူနာ့သွေးကြောထဲ အပ်စိုက်ပြီးတာနဲ့ ညွှန်ကြားထားတဲ့ ကုသမှုတွေကို စတင်လုပ်တော့တယ်။ လိုအပ်တဲ့ ကုသမှု တချို့ အတွက်အခက်အခဲ ဖြစ်ရပြန်တယ်။
"ဆရာ ဘီဝမ်းက ကုန်နေလို့ လူနာတွေကို ဝယ်ခိုင်းနေရတာ ကြာပြီ"
ဆေးရုံတွေမှာရတဲ့ အခမဲ့ဆေးတွေက မကြာခဏ ပြတ်နေတတ်တယ်။အခုလို လူနာစောင့် မပါတဲ့ အရေးပေါ်လူနာ လာတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သာ ဖြေရှင်းကြရတယ်။
"တခြားလူနာ ဆီက ခဏချေးပြီးထိုးပေးထား ဆရာမ"
"ဟုတ်ဆရာ"
လူနာစောင့် မပါတဲ့ လူနာတွေကို ကျွန်တော်တို့ဆေးရုံတွေမှာ pick-up caseလို့ သုံးလေ့ရှိပါတယ်။ လူနာစောင့် မပါရင် ကုမပေးဘူးလား ဆိုပြီး ဆဲဆိုနေတဲ့လူအများစုကို တွေ့ဖူးပါတယ်။ကုတာကတော့ တတ်နိုင်သမျှကုပေးပါတယ်။တာဝန်ကျေရုံကုပေးပြီး ပစ်ထားနိုင်ရင် အဆင်ပြေတာပေါ့။ ဒီလူနာကြီး ရေမှ သောက်ရရဲ့လား၊ထမင်းမှ စားရရဲ့လား၊ အိမ်သာတက်တာ အဆင်မှပြေပါ့မလား၊အခမဲ့ ရတဲ့ဆေးနဲ့ အဆင်ပြေပါ့မလား စတဲ့ လားပေါင်းများစွာ တွေးနေတတ်တဲ့ ကျွန်တော့်အတွက်တော့ အဆင်မပြေပါဘူး၊ လူနာစောင့် မပါရင် တာဝန်ကျ ဆရာဝန်၊ဆရာမနဲ့ ဆေးရုံအလုပ်သမား တွေက တော်တော်လေးကို ဒုက္ခရောက်ပါတယ်။ ထမင်းပို့ပေးဖို့ ဆေးလူမှု ဆက်ဆံရေး ဝန်ထမ်းတွေ ပေါ်လာတာမို့ စားဖို့ မပူရပေမဲ့ တခြားပူရမဲ့ ကိစ္စတွေက အများကြီး ကျန်နေပါသေးတယ်။ဖောရောင်ပြီး အမောဖောက်နေတဲ့ လူနာရဲ့ ကျင်ကြီးကျင်ငယ် ကိစ္စကို ဘယ်အလုပ်သမားမှ နေ့စဉ် ဝမ်းပန်းတသာ လုပ်မပေးနိုင်ပါဘူး။လုပ်ပေးချင်စိတ်ရှိရင်တောင် တခြားအလုပ်များစွာ ရှိနေသေးတာမို့ အချိန်မှန် လုပ်ပေးနိုင်ဖို့က ခက်ခဲပါတယ်။ သွေးတွေဓာတ်ခွဲခန်းပို့စစ်တဲ့အခါ ၊သွေးအဖြေပြန်အယူတဲ့အခါ၊အခမဲ့ မရတဲ့ဆေးဝါးဝယ်ရတဲ့အခါ ၊ လူနာကို ပြုစုဖို့လိုတဲ့အခါ(ရေတိုက်တာ၊ဆေးတိုက်တာ၊ရေပတ်တိုက်တာ၊ထမင်းခွံ့တာ၊အဝတ်လဲပေးရတာ)၊အခကြေးငွေပေးရတဲ့ အောက်စီဂျင်အဆက်မပြတ်ပေးဖို့ လိုတဲ့အခါ လူနာနဲ့ ဝန်ထမ်းတွေအတွက် တော်တော်လေး ဒုက္ခရောက်ရပါတယ်။လူနာစောင့်ဖူးသူသာ ဒီလို အသေးဖွဲ ကိစ္စကစ နားလည်ပါလိမ့်မယ်။
ဒီလို စွန့်ပစ်လူနာတွေကြုံလာတဲ့အခါ တာဝန်ကျ ဆရာဝန်၊ဆရာမနဲ့ အလုပ်သမားတွေသာ တတ်နိုင်သမျှ ဖြေရှင်းပေးရတတ်ပါတယ်။ဒီလိုလူနာ တစ်ယောက်ထဲ ကြည့်ရှုစောင့်ရှောက်ရရင် ကိစ္စ မရှိပေမဲ့ ဖျားနာကုသဆောင်မှာ ညနေပိုင်းဆိုရင် တာဝန်ကျ ဆရာဝန်က တစ်ယောက်၊ဆရာမက နှစ်ယောက်၊အလုပ်သမားက တစ်ယောက်သာ ရှိပါတယ်။ဆေးရုံတက်နေတဲ့ လူနာက အယောက် ငါးဆယ်ခန့် ရှိပါတယ်။ဒီကြားထဲ အရေးပေါ်လူနာတွေက မကြာခဏ ရောက်လာတတ်သေးတယ်။
လိုအပ်တဲ့ဆေးတချို့ပေးပြီး မကြာခင်မှာ လူနာက စကားအနည်းငယ် ပြောလာနိုင်တယ်။ လူနာကြည့်တဲ့ကုတင်ကနေ အမျိုးသားလူနာ ကုသဆောင်ထဲ
မပြောင်းခင် လိုအပ်တာတွေ ထပ်မေးရတယ်။လူနာနာမည်က ဦးလူလေး၊အသက်က ၆၈နှစ်၊ပင်စင်စား မီးရထားဝန်ထမ်းဟောင်းလို့ သိရတယ်။ကျွန်တော်သိချင်တဲ့ ရောဂါအကြောင်းတွေ မေးအပြီးမှာ လူနာရဲ့ မိသားစု အကြောင်းကို ဆက်မေးဖြစ်တယ်။
"အတူနေ မိသားစု ရှိလား"
ဦးလူလေးရဲ့ မျက်ဝန်းထဲမှာ အရောင်တချို့ ဖြတ်ပြေးသွားတယ်။ဦးလူလေးက အသက်ကို တဖြည်းဖြည်းရှုသွင်းတယ်။
"ကျနော့် အမျိုးသမီးကတော့ ဆုံးပါးသွားပါပြီ။ သားနှစ်ယောက် သမီးနှစ်ယောက် ရှိပါတယ်။"
"သားသမီးလေးယောက်တောင် ရှိတာပေါ့။သူတို့ကရော"
ဦးလူလေးရဲ့နှာခေါင်းမှာ တပ်ထားတဲ့ အောက်စီဂျင်ပိုက်က လျော့နေတာမို့ သူ့အနားတိုးကာ ကျွန်တော်ပြင်ပေးရတယ်။
"သားနှစ်ယောက်နဲ့ သမီးတစ်ယောက်က မနီးမဝေးမြို့တွေမှာ။ အငယ်ဆုံး သမီးကတော့ ဒီမြို့လေးမှာ။ ဒါပေမဲ့ အားလုံးက သူ့ဘာသာနေကြတာပါ"
"အငယ်ဆုံး သမီးက ဒီမြို့မှာပဲလား။ သူ့ဖုန်းနံပါတ် သိလား။ဦးလေးကို စောင့်ဖို့ လူနာစောင့် တစ်ယောက်တော့ လိုတယ်"
ဦးလူလေးက သက်ပြင်းယဲ့ယဲ့ချပြီး သူနဲ့အတူပါလာတဲ့ အိတ်မဲထဲက စာအုပ်လေး ထုတ်ပြီး မှတ်ထားတဲ့ နံပါတ်တစ်ခုကို ရွတ်ပြတယ်။
ဘောင်းဘီထဲက ဖုန်းကိုထုတ်ပြီး ဦးလူလေးပြောတဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်တယ်။ခပ်သေးသေးစူးစူး အသံကို ကြားရတယ်။
"ဟယ်လို"
"ဟုတ်ကဲ့ ကျွန်တော် ဆေးရုံကြီး၊ဖျားနာဆောင်က တာဝန်ကျ ဆရာဝန်ပါ။ ဦးလူလေး ရဲ့ သမီးလား မသိဘူး"
ဖုန်းထဲကနေ ခွေးဟောင်သံ၊ကလေးငိုသံတွေသာ ပြန်ကြားရတယ်။
"ဟယ်လို ဟယ်လို ကျွန်တော်ပြောတာ ကြားရလား မသိဘူး"
"ဟုတ်ကဲ့ ။ဟဲ့ မသာမတွေ ခဏငြိမ်ကြပါဦးဟဲ့"
ကလေးငိုသံတွေ၊အော်ဟစ်သံတွေကြားကနေ သူမရဲ့ အသံကို တော်တော်လေးအားစိုက်ပြီး နားထောင်ယူရတယ်။
"ဟုတ်။ဦးလူလေး ဆေးရုံ တက်နေရပါတယ်။လူနာစောင့် မပါတာမို့ လာစောင့်ပေးစေချင်ပါတယ်ဗျ"
ဖုန်းပြောရင်း ဦးလူလေးဆီ ကြည့်မိတော့ ဦးလူလေးရဲ့မျက်ဝန်းတွေက မိုးမျှော်နေတဲ့ ပတ်ကြားအက်မြေကြီးတွေလိုပဲ။
"ဪ အဖေလား။အရက်ထပ်သောက်ရင် သေမှာလို့ ဆရာဝန်တွေက မှာပြီးသား ဆရာ။နောက်ပြီး အဖေက သူတစ်ယောက်တည်းနေတာ။ ကျွန်မတို့နဲ့ အတူနေတာ မဟုတ်ဘူး။သူ့ပင်စင်လစာလည်း ကျွန်မတို့ကို ပေးတော့တာ မဟုတ်ဘူး။ကျွန်မလည်း ကလေးတွေ တစ်ဖက်နဲ့မို့ အခုညတော့ မလာနိုင်ဘူး။ မနက်ကျရင် လာခဲ့ပါ့မယ်"
ဦးလူလေး ကိုကျွန်တော် ခေါင်းခါပြတော့ ဦးလူလေးက မချိပြုံး ပြုံးတယ်။ဦးလူလေးကို လူနာကုတင်ဆီပြောင်းဖို့ ဆေးရုံ အလုပ်သမားကို ပြောရင်း ဝှီးချဲလ်ပေါ်ကို ကိုယ်တိုင် မကူရတယ်။လူနာအတွက် စောင်နဲ့ခေါင်းအုံး တွေကတော့ ဆေးရုံမှာ ရှိနေလို့ အဆင်ပြေပါတယ်။ရှိနေတယ်ဆိုတာက တချို့လူနာတွေက ဆေးရုံဆင်းရင် စောင်တွေ၊ခေါင်းအုံးတွေကို ပြစ်ထားခဲ့ကြတာ။ဘေးကုတင်နားက လူနာစောင့်ကို
ဦးလူလေးအတွက်ညစာ ဝယ်ပေးဖို့၊ကျွေးပေးဖို့ အကူအညီတောင်းပြီးပိုက်ဆံ အိတ်စိုက်ပေးခဲ့ရတယ်။မနက်ဖြန် ရုံးဖွင့်ချိန် ဒီလူနာ စားစရိတ်အတွက် ဆေးလူမှုဆက်ဆံရေးဌာနကို ဆက်သွယ်ဖို့တွေ လုပ်ရဦးမယ်။
####################
မနက်အစောထ လူနာတွေကို သွေးပေါင်ချိန်ရင်း၊အခြေအနေ မေးမြန်းရင်း၊မှတ်တမ်းထဲ ရေးရင်းနဲ့ ဦးလူလေး အနားကို ရောက်လာတယ်။နှာခေါင်းထဲ မသတီစရာ အနံ့ကြီးက တိုးဝင်လာတယ်။ ဦးလူလေးက ချေးသေးတွေကို ပုဆိုးထဲ ပါချထားတာ။ ဘေးကုတင်က လူနာစောင့်တွေက နှာခေါင်း တရှုတ်ရှုတ်နဲ့။
"ကျွန်တော် ထဖို့ ကြိုးစားပါသေးတယ်။
မထနိုင်လို့ နေရာတင် ပါမိတာပါဆရာ"
ကျွန်တော် ဘာမှ မပြောခင် ဦးလူလေးက ကြောက်ရွံ့စွာပြောတယ်။ ဒီလိုလူနာနားမှာ ချေးအိုးနဲ့ သေးအိုး ရှိသင့်တယ်။နောက် လူနာစောင့် တစ်ယောက်လည်း ရှိသင့်တယ်။မဟုတ်ရင် ဒီလိုကြီး အမြဲ ဖြစ်နေတော့မှာ။
"ကိုစိုး ကိုစိုး လာဦး"
အိမ်သာဘက် သန့်ရှင်းရေးလုပ်နေတဲ့ ဆေးရုံလုပ်သားကို လှမ်းခေါ်ပြီး ဦးလူလေးကို သန့်ရှင်းရေးလုပ်ခိုင်းရတယ်။ညဝတ်အိပ်ဖို့ ယူလာတဲ့ပုဆိုးကို ဦးလူလေးကို ဒါနပြုရတယ်။အိမ်သာတက်တိုင်း ဒီလိုဖြစ်နေရင် ဘာလုပ်ရပါလိမ့်လို့ တွေးမိတော့ ရေရာတဲ့ အဖြေက ထွက်မလာခဲ့ဘူး။ဆေးရုံလုပ်သားကို အကူအညီတောင်းပြီး ဂရုစိုက်ဖို့ မှာရတယ်။
အထူးကုသမားတော် ရောက်ပြီးကုသဆောင်ထဲ ရောင်းRound လှည့်တဲ့အချိန် မနက်ဆယ်နာရီမှာ ဦးလူလေး ရဲ့ အခြေအနေကို တင်ပြရတယ်။
"အစ်မ ဒီလူနာက မနေ့ည ကရောက်တာ။ COL(အသည်းခြောက်ရောဂါ)နဲ့ဆေးရုံနှစ်ခါ တက်ဖုူးတယ်"
အစ်မက သူနာပြုဆရာမပေးတဲ့ လက်အိတ်ဝတ်ပြီး လူနာကို စမ်းတယ်။
လူနာရဲ့အနားမှာ မဲခြောက်ခြောက် ပိန်ကပ်ကပ် အမျိုးသမီး ရောက်နေတာကို သတိထားမိတယ်။သူ့ရင်ခွင်ထဲမှာလည်း လသားအရွယ် ကလေးတစ်ဦး ကို ပွေ့ထားတယ်။
"ဦးလူလေးရဲ့ သမီးလား"
"ဟုတ်ကဲ့ရှင့်"
အစ်မက လိုအပ်တဲ့သွေးစစ်ချက်အဖြေတွေရရင် ဦးလူလေးရဲ့ ဗိုက်ထဲက ရေဖျင်းတွေကို ထုတ်ဖို့ ပြောတယ်။တခြားလူနာတွေ ဆက်ကြည့်ရတာမို့ ဦးလူလေးရဲ့ သမီးကို မေးချင်တာတွေ မမေးသေးဘဲ အထူးကုအစ်မနဲ့ ဒီနေ့ တာဝန်ကျဆရာဝန်ကို လူနာတွေ ဆက်ပြရတယ်။
အလုပ်အားလုံးလုပ်ပြီး ဂျူတီ ထွက်တာနဲ့ ဦးလူလေး နားကို သွားပြီး သူ့သမီးကို မေးရတယ်။ကျွန်တော့်မြင်တော့ ဦးလူလေးရဲ့ သမီးက ထိုင်ရာကနေ အမြန်ထတယ်။
"ထိုင်ပါ။ရပါတယ်"
လသားအရွယ် ကလေးလေးကတော့ သူ့အမေရဲ့ နို့ပိန်ပိန်ကို အပူအပင်ကင်းကင်းနဲ့ တပြွတ်ပြွတ်စုပ်လို့။
"တခြား သားသမီးတွေက မလာတော့ဘူးလား"
"ဖုန်းတော့ ချိတ်ထားတယ် ဆရာ။ အစ်ကိုကြီးက ပုသိမ်ကြီး။အစ်ကိုလတ်က ရွှေတောမှာ။အစ်မကြီးက မြင်းမူမှာ။လာမယ်လို့တော့ မပြောကြဘူူး"
ဖခင်တစ်ယောက်လုံး သေမတတ်ဖြစ်နေတာကို မလာနိုင်ကြဘူးဆိုတော့ ဘယ်လိုမိသားစုလဲလို့ ကျွန်တော် တွေးနေမိတယ်။ဦးလူလေးကရော ဖခင်တာဝန်တွေ မကျေခဲ့လို့လား။သားသမီးတွေက အဆင်မပြေတာလား။မေးချင်တာတွေ ရှိပေမဲ့ လူနာရှေ့မှာမို့ ထပ်မမေးဖြစ်ခဲ့ဘူး။
"လူနာ အနားမှာ တစ်ယောက်တော့ ရှိမှ ရမယ်။အစ်မ ကလေးက ငယ်သေးတယ်။ဆေးရုံပေါ် မထားသင့်ဘူး။ဒီကရောဂါတွေ ကူးလိမ့်မယ်"
သူမက ကျွန်တော့်ကို ခွန်းတုန့် မပြန်ဘဲ မဝံ့ မရဲ ကြည့်တယ်။နောက်ပြီး သူ့အဖေကို ကြည့်တယ်။ဦးလူလေးကတော့ သူ့သမီးနဲ့ သူ့မြေးရှိနေလို့ ထင်ရဲ့။အနည်းငယ် လန်းဆန်းနေပုံပေါ်တယ်။
###############

"ဆရာကေစ့်(case)က လူနာစောင့် မရှိတော့ပြန်ဘူး"
ဆေးရုံကို ဂျူတီ ပြန်ဝင်တဲ့ မနက်ခင်း မှာ တာဝန်ကျဆရာမက ပြောတယ်။ကျွန်တော့် ဂျူတီနေ့မှာ ရောက်လာတဲ့ လူနာမို့ ကျွန်တော့်ကေ့စ်လို့ သတ်မှတ်တာပါ။

"ဦးလူလေး လား"
"ဟုတ်တယ်ဆရာ"
ကျွန်တော် ပုခုံးသာ တွန့် မိတယ်
"ဒါနဲ့ မမီးကလေး မွေးနေ့ ဆရာ့ကို ဖိတ်ထားသေးတယ်နော်။နောက် တစ်ပတ် သောကြာနေ့နော်ဆရာ"
မမီးဆိုတာက ဒီဆေးရုံဝန်းထဲပဲ နေတဲ့ သူနာပြုဆရာမကြီး။ သူ့ကလေး တစ်နှစ်ပြည့်ပွဲကို လာတက်ဖို့ တွေ့တိုင်း ပြောနေတာဆိုတော့ မသွားလို့ မကောင်းဘူး။
"ဟုတ် ဒီဝန်းထဲပဲ မို့လား။အားရင် သွားတာပေါ့"

       ပါလာတဲ့ ပစ္စည်းတွေကို နားနေခန်းထဲ ဝင်ထားတော့ မနေ့က တာဝန်ကျ ဆရာဝန်က ကုတင်ပေါ်မှာ နွမ်းလျစွာ လှဲလျောင်းနေတယ်။

"ဘယ်လိုလဲ။ညက အခြေအနေကောင်းလား"
"လူနာ ဆယ့်ငါးယောက် ရောက်တယ်ကွာ။ill cases (စိုးရိမ်ရတဲ့လူနာ)တွေကြည့်ပဲ။ဒါနဲ့ ဦးလူလေး အခြေအနေ မကောင်းဘူး။ HCC(အသည်းကင်ဆာ)ထင်တယ်။ စီ(+)ပါတွဲနေတယ်။ညနေဖောက်တဲ့အရည်က သွေးတွေလိုပဲ။"

လွယ်အိတ်ကို ကုတင်ပေါ်ချ၊နားကြပ်ကို အိတ်ထဲက ထုတ်ကာ လည်ပင်းပေါ်တင်ပြီး ဆက်မေးရတယ်။
"ဪ။သူ့သမီးကပြန်သွားတာလား"
"မသိပါဘူးကွာ။ကကြိုးကကြောင်နဲ့။ ဘာဝယ် ခိုင်းခိုင်း ပိုက်ဆံ မရှိဘူးပဲပြောတယ်။ အောက်စီဂျင်ဖိုးတောင် မပေးနိုင်လို့ မရှိတဲ့ ရန်ပုံငွေထဲက ပေးထားရတယ်"
"အေးအေး ငါ သွားကြည့်လိုက်ဦးမယ်"
လူနာတွေကြည့်ရင်း ဦးလူလေးရဲ့ အနားကို ရောက်လာခဲ့တယ်။ ဦးလူလေးကို စမ်းသပ်ကြည့်တော့ အခြေအနေကသိပ်မကောင်းဘူး။ မိုးအုံ့နေတုန်းမဝင်ချင့် ဝင်ချင်နဲ့ ဝင်ရတော့မဲ့ နေလုံးကြီးပမာ ခပ်ဖျော့ဖျော့၊ခပ်ယဲ့ယဲ့။
"ဦးလူလေး ခင်ဗျား သမီးကပြန်သွားတာလား"
ထိုင်ခုံကို ကျောမှီပြီးထိုင်နေရတဲ့ ဦးလူလေးက ခေါင်းညိတ်ပြတယ်။စကားတစ်လုံးချင်း အားယူပြီးပြောတော့တယ်။
"သူ့မှာလည်း သူ့ဒုက္ခနဲ့မို့ပါဆရာရယ်။ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေမို့ပါ။ကလေးကလေးယောက်။မုဆိုးမပါ။နောက်ပြီး ကျုပ် မိုက်ပြစ်နဲ့ ကျုပ်ပါ ဆရာရယ်။
ဦးလူလေးက မောသွားပုံရပြီး အသက်ကို အမြန်ရှူတယ်။တခြားလူနာတွေဆက်ကြည့်ရင်း လုပ်ရမဲ့ အလုပ်တွေ ဆက်လုပ်ရတယ်။ဆေးလူမှု့ဆက်ဆံရေးက ညီမလေးနှစ်ယောက်က ဦးလူလေးအတွက် နေ့လယ်စာ လာပို့တာကို တွေ့ရတယ်။ ဦးလူလေးက သူ့ဘာသာ မစားနိုင်တာမို့ အလုပ်သမား အဒေါ်ကြီးကို အကူညီတောင်းပြီး ကျွေးခိုင်းနေတာကို တွေ့ရတယ်။အလုပ်သမား အဒေါ်ကြီးပါးစပ်က တဗျစ်တောက်တောက်ပြောနေပေမဲ့ ဦးလူလေးကို ပြုစုရှာတယ်။ဒါပေမဲ့ ဦးလူလေးက ခေါင်းခါပြီး မစားချင်ကြောင်း ပြတယ်။အဆောင်က ယူလာတဲ့ ကျွန်တော့်ပုဆိုးနဲ့ အကျႌကို ပေးတော့ ဦးလူလေးက သာဓုပါလို့ ခပ်တိုးတိုးဆိုတယ်။ဘေးဝန်းကျင်က လူနာစောင့်တချို့အကူအညီနဲ့ ပုဆိုးနဲ့ အကျႌကို လဲပေးရတယ်။ဦးလူလေးရဲ့ သမီးငယ်ဆီကို ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားတယ်လို့ ဖြေတယ်။
လုပ်စရာရှိတဲ့ အလုပ်တွေလုပ်လိုက်၊လူနာအသစ်တွေ ကြည့်လိုက်နဲ့ အချိန်တွေက ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။ညဆယ့်နှစ်နာရီမှာ ဦးလူလေးက အမောထဖောက်တယ်။ ဦးလူလေးရဲ့ မျက်နှာပြင်မှာ ချွေးသီး ချွေးပေါက်တွေ က မြင်မကောင်းဘူး။လည်ပင်းကြောကြီးတွေ ထောင်ပြီး အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်နေရတဲ့ ဦးလူလေးရဲ့ ဗိုက်ကြီးက ဖောင်းသထက် ပိုဖောင်းလာခဲ့တယ်။သူ့ လက်ကို သွေးပေါင်တိုင်းတဲ့ ကျွန်တော့်ကို မြင်တော့ ဦးလူလေးက စကားတိုးတိုးပြောတယ်။မသည်းမကွဲ ဗလုံးဗထွေးမို့ ကျွန်တော် အားစိုက်ပြီးနားထောင်ရတယ်။ဦးလူလေးက သူဆေးရုံတက်ကတည်းက ပါလာတဲ့ အိတ် အမည်းကြီးကို ယူခိုင်းတယ်။နောက်ပြီး စကားတွေကို အားယူပြီး ပြောတယ်။စကားအများကြီးကို မရပ်တန်းပြောနေနိုင်တာက သူ့ စိတ်ဆန္ဒဇောတွေကြောင့်ထင်ပါရဲ့။
သေခါနီးလူတစ်ယောက်ရဲ့ ဆန္ဒကို ကျွန်တော် မငြင်းချင်တာနဲ့ ခေါင်းညိတ်လိုက်ရတယ်။ ဦးလူလေးက သူပြောချင်တာတွေ ပြောကာ စိတ်ချမ်းသာ သွားလို့လား၊ခန္ဓာဝန်ကြီးကို မနိုင်တော့လို့လား၊သေနေစေ့လို့လား မပြောတတ်ပေမဲ့ လူ့လောကကြီးကို စွန့်ခွာသွားခဲ့ပါတယ်။
ဦးလူလေးရဲ့ အလောင်းကို မြေချဖို့ သူ့သမီးအငယ်မဆီ ဖုန်းဆက်တော့ ဖုန်းက စက်ပိတ်ထားတာမို့ ဆေးရုံနဲ့ နာမှုကူညီရေးအသင်းနဲ့ ပေါင်းပြီး မနက်အစောမှာ သင်္ဂြိုလ်ပေးဖို့ ပြင်ဆင်ရတယ်။ဦးလူလေးရဲ့ အလောင်းကို ရေခဲတိုက်ကို ပို့ခိုင်းရတယ်။
သားသမီးလေးယောက်ရဲ့ ဖခင်ဖြစ်တဲ့ ဦးလူလေးရဲ့ အသုဘက ဖာသိဖာသာပဲ ပြီးဆုံးသွားတော့မယ်။

#################
"ဆရာ ကျွန်မကို မှတ်မိလား မသိဘူူး"
ကျွန်တော် သူမကို ခေါင်းညိတ်ပြရင်း လာလမ်းအတိုင်း ပြန်လှည့်သွားတဲ့ ဆရာမရဲ့ ကျောပြင်ကို
အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိတယ်။မှတ်မိတာပေါ့။သူမကို သိပ်မှတ်မိပါတယ်။ ဦးလူလေးနဲ့ ပတ်သက်ပြီး သူမကို
ကျွန်တော့် ဦးနှောက်ထဲမှာ မှတ်မှတ်ရရ ရှိနေပါတယ်။ တစ်စပ်ထဲပဲ ဦးလူလေး မဆုံးခင်ညက ပြောခဲ့တဲ့ စကားလုံးတွေ၊တောင်းခဲ့တဲ့ ကတိစကားတွေကို ကြားယောင်မိတယ်။

"အဟမ်း"
ခပ်ဝဝ ယောက်ျားတစ်ယောက်က ချောင်းဟန့်ရင်း ကျွန်တော့်ကို ကြည့်တယ်။
"ဟုတ်ကဲ့ ဘာကိစ္စလည်း မသိဘူးဗျ"
"ကျွန်တော်က ဦးလူလေးရဲ့ သားကြီးပါ။အဖေ ဆေးရုံတက်တုန်းက နယ်လွန်နေလို့ပါ။ အခု အဖေဆုံးတော့ ဘယ်ရောဂါကြောင့် သေဆုံးကြောင်း ဆရာ့လက်မှတ် လိုချင်လို့ပါ။
ကျွန်တော် မျက်မှောင် ကျုံ့မိတယ်။
"ဘာ့အတွက်လဲ"
အကြီးမဖြစ်ဟန်တူသူ အမျိုးသမီးက ကျွန်တော် စိတ်မကြည်တာကို သတိ ထားမိပုံပေါ်တယ်။
"ဒီလိုပါ ဆရာ။ အဖေဆုံးတော့ သူ့ပင်စင်လစာကို ကျွန်မတို့ ဆက်ထုတ်လို့ ရတယ်လို့ သိရပါတယ်ဆရာ။
တခြားထောက်ခံစာ အားလုံး ရပြီးပါပြီ။ဆရာ့ လက်မှတ်နဲ့ ပင်စင် စာအုပ်ပဲ လိုတော့တာ။ စာအုပ်က အဖေ မဆုံးခင် ဒီဆေးရုံမှာ ပါလာမယ်ထင်တယ်ဆရာ။အဲဒါ စာအုပ်များ ကျန်ခဲ့လားမသိဘူး။စာအုပ်မရရင်လည်း ဆရာ့လက်မှတ်ရရင် အဆင်ပြေပါတယ်ဆရာ"
မောင်နှမလေးယောက်က ဦးလူလေးရဲ့ ပင်စင် စာအုပ်အတွက်နဲ့ ရောက်လာခဲ့ကြသတဲ့။ဦးလူလေးရေ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ဦးလူလေးကို စိတ်ထဲကနေ တိုင်တည်ပြောဆိုရင်း ဦးလူလေး မဆုံးခင်ညက ကျွန်တော့်ကို ပြောတဲ့ စကားတွေကို ကြားယောင်မိတယ်။
"ဆရာ ကျွန်တော်ဆုံးသွားရင် ဒီပင်စင်စာအုပ်လေးကို ဆရာသိမ်းပေးထားပါ။
ကျွန်တော် ဆုံးတာ မသိရင် ကိုယ်စား ထုတ်လို့ ရပါတယ်။သိပ် မစစ်ပါဘူး။ကျွန်တော် နေမကောင်းဘူးလို့ ပြောပြီး ဆရာ ထုတ်ပေးပါ။ပြီးတော့ အဲ့ပိုက်ဆံနဲ့ ကျွန်တော့်လိုလူနာစောင့်မပါတဲ့ လူနာတွေအတွက် လူနာစောင့် ငှားပေးပါ။ အကူညီတောင်းပါတယ်ဆရာ။ ဆရာ ကူညီမယ်ပြောမှ ကျွန်တော် အသေဖြောင့်နိုင်မယ်။ကျွန်တော်ဆုံးတာကို သိသွားလို့ ဆရာလေး ထပ်ထုတ်မရတဲ့ အခါကျမှ ဒီစာအုပ်ကို သမီးငယ်ကိုပေးပေးပါ။သူထုတ်ပြီး ခွဲယူပါစေလေ"
ဦးလူလေးဆုံးပြီး တစ်ပတ်အကြာမှာ သူ့သားသမီးတွေက ပင်စင်စာအုပ်အတွက် ရောက်လာကြတယ်။ ကျွန်တော့်ခေါင်းပေါ်က ပန်ကာက တဝှီဝှီလည်နေတယ်။ကလေးမွေးနေ့ပွဲဆီက မွေးနေ့ဆုတောင်းသီချင်းသံ သဲ့သဲ့ကို ကြားနေရတယ်။
မောင်နှမလေးယောက်ရဲ့ မျက်ဝန်းတွေက ကျွန်တော့် နှုတ်ခမ်းဖျားဆီမှာ။ ပင်စင်စာအုပ်က အခန်းထဲက ကျွန်တော့် လွယ်အိတ်ထဲမှာ။ ဦးလူလေးကို သင်္ဂြိဟ်ပြီး ထွက်လာတဲ့ မီးခိုးတွေကတော့ ပျောက်ကွယ်လောက်ပါပြီ။ ကျွန်တော် ဘာလုပ်ရပါလိမ့်။

ဟမ်စိုင်း(ဆေး-မန်း)

ဓာတ်ပုံ =လူနာများအား မုန့်တီသုပ် ဒါနပြုခဲ့စဉ်