ခွေးကလေး

in HIVE-MYANMAR3 years ago

ကျွန်တော် လမ်းသွားလမ်းလာများကို ဆွဲတတ်သော ခွေးများကို အလွန်မုန်းသည် ။ အများအားဖြင့် ထိုခွေးများသည် ဆိုင်ကယ်ဖြင့် သွားလာလျှင် လိုက်ဆွဲတတ်လေသည် ။လိုက်သာကိုက်သည် ဘယ်တော့မှလဲ မိသည်မဟုတ် ။ အချို့အျို့အချိန်များတွင် ထိုသို့ ခွေးများတွေ့ရလျှင် ဆိုင်ကယ် အရှိန် လျှော့၍ မိလိုမိငြား ကန်သည် ။ တစ်ခါတစ်ရန်တွင် ထိအောင်ကန်နိုင်သလို မထိသည်ကလဲများသည် ။

ကျွန်တော်ထိုခွေးများကို အမြင်မကြည်သော်လည်း ခွေးမုန်းတီးရေးသမားတော့မဟုတ် ။ ချစ်တတ်သော စာနာတတ်သော နှလုံးသားလေးတော့ရှိသည် ။ ဒီလိုနဲ့ တစ်နေ့ ထုံးစံအတိုင်း ဆိုင်ကယ်စုတ်လေး မောင်းလာသည် ။ ခွေးမတစ်ကောင်ကလဲ ထုံးစံအတိုင်းကျွှန်တော့ဆိုင်ကယ်ကို လိုက်ကိုက်သည် ။ သို့သော် ကျွန်တော်မကန်ဖြစ် ။ အနီးနားမှ စူးရှရှ ခွေးပေါက်လေး အော်သံနှင့် ခွေးမအနီး ဝဲနေကြသော ခွေးပါက်လေးများကြောင့်ဖြစ်သည် ။ ကျွန်တော်လဲ ဆိုင်ကယ်လေးရပ်ပြီး စပ်စုလိုက်သည် ။

dogs_1280p_0.jpg
Image source

လမ်းဘေးနား အနည်းငယ်ချိုင့်ဝန်းသော မြက်ခင်းပြင်နေရာတွင် နာကျင်လွန်းစွာဖြင့် သနားစရာကောင်းလောက်အောင် ဆူဆူညံညံ အော်နေသောခွေးပေါက်လေး ။ ဆိုင်ကယ်တစ်စီးစီးက တက်ကြိတ်ခံထားရပုံရပြီး သေအံ့ဆဲဆဲ မလှုတ်နိုင်မယှက်နိုင် ဒါဏ်ရာတို့ဖြင့် လှဲနေသည် ။ သေချာပါသည် ထိုခွေးပေါက်လေး မကြာခင်သေတော့မှာပါ ။ ခွေးအမေကြီးမှာ ဒါဏ်ရာရ ခွေးလေးအနားသွားနေသော ကျွန်တော်ကနေ အန္တရယ် ပြုမည် စိုးသောကြောင့်ထင် ကာဆီးကာဆီးလဲ လုပ်သည် ၊ ထိုခွေးပေါက်လေးအား ကယ်စေလိုသော အမူအယာတို့ဖြင့် ခွေးလေးရှိရာသို့လဲ အပြေးပြသည် ။ လမ်းဘေးခွေးမ တစ်ကောင်၏ သနားစဖွယ် အမူအယာ နှင့် သူ့ခဗျာ မလုပ်တတ်မကိုင်တတ် ဗျာများနေပုံမှာ ကျွန်တော့ရဲ့ ခွေးပေါက်လေးအပေါ် စိတ်မကောင်းဖြစ်မှုများကို ပိုမိုတိုးတက်စေကာ ဝမ်းနည်းမှုကိုလဲ ပိုဆိုးစေသည် ။

ကျွန်တော်လဲ သေခါနီးခွေးလေး ပြန်ကောင်းလာအောင် မလုပ်တတ် ။ ခွေးမကြီးကိုလဲ နှစ်သိမ့်လို့ရမည်မဟုတ် ။ ခွေးမကြီးကတော့ သူ့မှာကျန်ရှိနေသော ကလေးများကို ရပ်ထားသော ဆိုင်ကယ်မှ ရန်ပြုမည်ကိုလဲ စိုးရိမ်နေဆဲ ဆိုင်ကယ်ကိုလဲ ရန်သူသဖွယ် ကြည့်နေဆဲ သေအံ့ဆဲဆဲ သူ့ကလေးအတွက် ဗျာများနေဆဲ ခံစားနေရဆဲ ။ ကျွှန်တော်လဲ ဘာမှမတတ်နိုင်တာကြောင့် ဝမ်းနည်းမှုများနဲ့ ဆိုကယ်လေး အသာမောင်းပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည် ။ သို့သော် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး အတွေးများကတော့ ဦးခေါင်းထဲတွင် နေရာယူထားဆဲ ။

ထိုအဖြစ်အပျက်ရဲ့ နောက်မှာတော့ ကျွန်တော် ဆိုင်ကယ်မောင်းနေစဉ် ခွေးတစ်ကောင် လိုက်ဆွဲတာမျိုးကြုံခဲ့လျှင် ဂရုနာသက်စွာကြည့်တတ်ခဲ့ပြီ ။

ထို့နောက် မကောင်းမြင်တတ်မှုက လူတွေဘက်လှည့်လာသည် ။ ဘယ်လိုလူတွေကများ ဘယ်လိုတောင်မောင်းပြီး သနားစရာကောင်းတဲ့ ခွေးပေါက်လေးကို တိုက်လိုက်တာပါလိမ့် ။ အတော်မစာမာမနာနိုင်လွန်းလှသည် ။ သနားစရာ နုနုနယ်နယ် သေးငယ်သော အကောင်လေးတွေကို လုပ်ရက်လိုက်တာ ဟူသောအတွေးများဖြင့် ။

ကျွန်တော့ဘယ်ဘက်တွင် သုံးဘီးတစ်စီး ကျော်တက်လာသည် ။ ထိုစဉ် ရုတ်တရက် ခွေးသားပေါက် အုပ်စု ကျွန်တော့ဆိုင်ကယ်ရှေ့သို့ဝင်လာသည် ။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အလွန်မြန်လွန်းလှသည် ။ ဘယ်ဘက်မှာ သုံးဘီးရှိသည်ရှောင်မရ ညာဘက်မှာလဲ မထူး ခွေးလေးတွေ အုပ်လိုက် ဘရိတ်နင်းသော်လည်း သူက ဘီးအောက်တည့်တည့်လာထိုးဝင်ပြီးခဲ့ပြီ ။ သွေးစတို့ဖြင့် သနားစရာကောင်းသော ခွေးလေးမှာ လမ်းဘေး တစ်နေရာသို့ တရွှတ်ဆွဲထိုးဆင်းသွားသည် ။ တိုက်မိစသွေးဆူသောအချိန်မို့သာ ထိုခွေးလေး မကြာခင်သေရတော့မည် ။ စိတ်မကောင်းသော်လည်း ဘာမှ မတတ်နိုင်ခဲ့ ။

အမှန်ကိုမသိခင် အမှားတွေလုပ်တယ် နောက်တော့ အသိရပြီ မှန်ပြီထင်ခဲ့တယ် ။ ဒါပေမဲ့ ထိုမှန်တယ်ထင်တာကလဲ မှားနေသေးတာမျိုး ။

Phyoe Thant (or) Domelay

Sort:  

https://app.dapplr.in/DLM7Sv4uQT8k5V4k6

အပေါ်လင့်ကနေ app download ဆွဲပြီး အဲ့ဆီကနေ ပို့စ်တင်တာ ကောင်းတယ်။
Hive-Myanmar ရော user ရော တွဲထည့်လို့ ရတယ်

ဟုတ်ကဲ့ပါဥဥ