ဝါသောနွေ၏ သရက်ကင်းလေးများ

in HIVE-MYANMAR2 months ago

ခြံအပြင်ဖက်မှာရှိသော အပင်များအနက် တပေဘူတ
အပင်က အပွင့်ဝါဝါများပွင့်နေသည်။ ယခင်နှစ်က
ပွင့်ရာတွင် အရွက်များအားလုံးကြွေပြီးမှသာ
ပွင့်သည်။ ယခုနှစ်မှာတော့ အရွက်များက အပွင့်များနဲ့
အတူ ကျန်ရှိနေသည်။ ဒီတော့ အပွင့်နဲ့အရွက်
တမျိုးလှသည်။ အရွက်မရှိပဲ အပွင့်ဝါဝါများသာ
ပွင့်နေပါလည်း တပေဘူတက လှနေပါသည်။

တပေဘူတအပင်အနီးမှာ တမာပင်နှင့် သင်္ဘောပင်
ရှိသည်။ တမာပင်ကလည်း အရွက်များကြွေ၍
ရွက်နုများထွက်နေသည်။ တမာရွက်နုများကို
ခူး၍ ခရမ်းချဉ်သီချက်ဖြင့် စားပါက ထမင်းမြန်
စေသည်။ တပေဘူတအပင်အနီးမှာရှိသော
တမာပင်က စားတမာပင် ဟုတ်မဟုတ် မသိပေ။
အိမ်တောင်ဘက်ရှိ တမာပင် နှစ်ပင်ကတော့
စားတမာများဖြစ်သည်။ ထိုအပင်မှ တမာရွက်နုများ
ခူး၍ ရေနွေးဖျောကာ ငံပြာရည်ချက်ဖြင့် တို့စား
၍ ထမင်းစားကောင်းခဲ့သည်။

ကျွန်တော့်တို့ခြံဝင်း အပြင်ဖက်မှာ သရက်ပင်ပေါက်
နှစ်ပင်ရှိသည်။ ထိုသရက်ပင်ပေါက်အနီးမှာ
တမာပင်ရှိသည်။ ထိုတမာပင်က စားတမာဖြစ်သည်။
ခြံဝင်းပေါက် တဖက်တချက်မှာ စားတမာပင်
တပင်စီ ပေါက်နေသည်။ နောက်ထပ် စားတမာပင်နဲ့
ကပ်လျှက်မှာ တရုတ်စကားပင် တပင်ရှိသည်။
ထိုတရုတ်စကားပွင့်က အနီရောင်ဟု ကျွန်တော်က
အလွယ်ခေါ်သည်။ တူမနဲ့ အမကတော့ အသည်းကွဲ
ရောင်ဟု ခေါ်သည်။

ထိုတရုတ်စကားပင်၊ တမာပင်များ အနီးမှာ
ဆီးဖြူသီးပင်ရှိသည်။ ထိုဆီးဖြူပင်က အပင်ငယ်သေး
၍ အသီးမသီးသေးပေ။ ဆီးဖြူးသီးပင် ပြီးတော့
ဗာဒံပင်ပေါက်တပင်ရှိသည်။ ထိုဗာဒံပင်ကလည်း
အရိပ်အနည်းငယ်ရသည်။ ပင်ပျိုဖြစ်၍ ယခုမိုးရာသီ
ဆိုပါမူ အားသန်ကာ အပင်ကြီးဖြစ်ဖို့ တာစူနေပေသည်။
ထိုအပင်များ၏ မြောက်ဖက်တွင် သုံးပန်လှပင်နှင့်
တပေဘူတအပင်ရှိသည်။ သုံးပန်လှအပင်မှ အရွက်
များကလည်း အရွက်နုများကို ခူး၍သုပ်စား၊ အကြော်မှုန့်
ဖြင့် ကြော်စားပါက စားကောင်းသည်။

တပေဘူတပင်ပြီးနောက် တမာပင်နှစ်ပင်ရှိသည်။
ထိုတမာပင်များက နုပေသိ တပင်က စားကောင်း
သည်။ အရွက်စိမ်းစိမ်းများရှိသော အရိပ်ကောင်းသော
တမာပင်မှ တမာရွက်နုက စား၍ အနည်းငယ်ကြမ်း
သည်ဟုထင်မိသည်။ တမာပင် ရွေးချယ်စရာရှိ၍
ကြမ်းသည် နုသည်ဟု ချေးများခြင်းဖြစ်သည်။
တမာပင် တပင်တည်းသာရှိပါမူ အဘယ်မှာ ချေးများ
နိုင်ပါမည်နည်း။ ခြုံစရာရှိတော ချမ်းကြသည်ပေါ့။

တမာပင်များပြီးတော့ ခရမ်းကစောပင်ရှိသည်။
ခရမ်းကစောပင်ပြီးနောက် တရုတ်စကားပန်း
အဖြူရောင်ပွင့်သည့် အပင်ရှိသည်။ ထိုတရုတ်
စကားပင်၏ နောက်မှာ ဗာဒံပင်တပင်ရှိသည်။
ထိုအပင်များ၏ မြောက်ဘက်မှာ စိန်ပန်းပင်ရှိသည်။
စိန်ပန်းပင်က အရွက်ကြွေပြီး အရိုးသာကျန်သည်။
အရွက်နုထွက်ဖို့ စိန်ပန်းက အားယူနေသည်။
ခြံအတွင်းမှာ သရက်ပင်နှစ်ပင်ရှိသည်။ တပင်က
ပိုးကျ၍ အပင်တဝက်ခုတ်ထားသည်။ အရွက်နုများ
ထွက်နေသည် ယခုနှစ် အသီးမစားရပေ။ နောက်
တပင်က သရက်ကင်းများကို ခူး၍ စားရသည်။
သရက်ကင်းများကို ခူး၍ တို့စားရသည်မှာ
ဂျိုးဂျိုးဂျွတ်ဂျွတ်ဖြင့် အနည်းငယ်ခါးပြီး ချဉ်သော
အရသာရှိသည်။ ထိုအပြင် သရက်ကင်း၏အနံ့
ကိုလည်းရရှိသည်။ ထမင်းကိုမြိန်စေသည်။
သရက်ကင်းတို့ဖြင့် ထမင်းစားရင်း၊ ဝါဝါထိန်သော
တပေဘူတပန်းများကို ငေးရင်း အော် တနွေ
ရောက်ပြန်ပါရောလား။

@htwegyi
March 5, 2026

Sort:  

ထမင်းစားရင်း အလှအပလေး ခံစားပေါ့။
အယ်လယ်...

ဟုတ်တယ် 😁