An elephant is in the room (KC Myanmar)

in #myanmar7 years ago

748C4773-690E-4568-9A80-406E4E08B4E1.jpeg

ဒီနေ့ အင်္ဂလိပ်စာ အီဒီယံတွေ အကြောင်းကို ဖတ်ကြည့်မိရင်း သဘောကျစရာ တစ်ခုတွေ့မိပါတယ်။ ကိစ္စပြဿနာ ကြီးကြီးမားမားနဲ့ တွေ့ကြုံနေရပြီး ဘာမှဖြေရှင်းဖို့ မလုပ်နိုင်ရင်၊ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုး ရှိနေမှန်းတောင် မသိတာမျိုးကို An elephant is in the room ဆိုပြီး သုံးတတ်ကြတယ်လို့ သိရပါတယ်။

HR အလုပ်ကို လုပ်နေကြတဲ့ မိတ်ဆွေများကို ဒီလိုအဖြစ်မျိုးတွေနဲ့ ကြုံကြဖူးပါသလား လို့မေးချင်ပါတယ်။ အလုပ်ထဲမှာ ကိုယ့်အလုပ်ရှင်ကြောင့်ပဲဖြစ်ဖြစ်၊ တခြား မန်နေဂျာတွေကြောင့်ပဲဖြစ်ဖြစ် ၀န်ထမ်းတွေအကြားမှာ အဆင်မပြေမှု အခက်အခဲတွေကြုံတွေ့နေရတာမျိုးပေါ့။ တစ်ခုခု မှားနေတယ် ဆိုတာကို ခံစားနေရတယ်။ တစ်ခုခုတော့ မဟုတ်တော့ဘူး ဆိုတာကို ခံစားနေရတယ်။ ဒါပေမယ့် ကိုယ်ဝင်ရှင်းရင်လည်း အလုပ်ရှင် သို့မဟုတ် တခြား မန်နေဂျာတွေ အကြားမှာ အမုန်းခံရနိုင်တယ်။ အခြေအနေ မကောင်းရင် မြှားဦးက ကိုယ့်ဖက်တောင် လှည့်လာနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်။ ဒီလိုအခါမျိုးမှာ HR ကိုတာဝန်ယူနေတဲ့ သူတွေ အနေနဲ့ ဘာတွေလုပ်မိကြမလဲ။ Avoiding လို့ခေါ်တဲ့ မသိချင်ယောင်ဆောင်နေကြမလား။ ဒါမဟုတ် Denial လို့ခေါ်တဲ့ ဘာမှမဖြစ်ပါဘူးဆိုပြီး အတင်းကို အမှန် မမြင်နိုင်တော့ပဲ ဖြစ်နေကြမလား။

ဆင်ကြီးအခန်းထဲမှာ ရှိနေတာလည်း သိနေတယ်။ မြင်လဲမြင်နေရတယ်။ ဒါပေမယ့် ဒီဆင်ကြီးကို မောင်းမထုတ်နိုင်သေးတော့ အခန်းထဲကိုဝင်တိုင်း ဆင်ကြီးနဲ့မထိအောင်ရှောင်နေရတယ်။ ဒီဒုက္ခကလည်း သိပ်တော့မသေးလှဘူးနော်။ ညဖက် အမှောင်ထဲ အခန်းထဲမှာ ခြေဖျားထောက်ပြီး ပစ္စည်းတွေနဲ့ တိုက်မိမှာစိုးလို့ စမ်းတ၀ါးဝါးသွားနေရသလိုပါပဲ။ အတော်မလွယ်ပါဘူး။ ဆင်ကြီးနဲ့မထိချင်တော့ အမြဲပဲ ရှောင်တိမ်းသွားနေရတယ်။ ဆင်ကြီးကကြီးပြီး အခန်းထဲမှာပြည့်လုမတတ် ဖြစ်နေတော့ တခြား အရေးကြီးတဲ့ ပစ္စည်းတွေလည်း ထပ်ပြီးမထားနိုင်တော့ပါဘူး။ ဒီအတိုင်းပဲ အလုပ်ထဲမှာလည်း ပြဿနာကို မသိချင်ယောင်ဆောင်နေရတာ အတော်လေးကို ကသိကအောင့်နိုင်တတ်ပါတယ်။ ဒီကြားထဲ ၀န်ထမ်းတွေကလည်း အလုပ်ကတဖြေးဖြေးထွက်ကုန်ကြပြီ၊ စိတ်ဓါတ်တွေကျကုန်ကြ၊ ခွင့်ယူတာတွေများလာကြနဲ့ပေါ့။ ဘယ်အချိန်အထိ ဆင်ကြီးကိုရှောင်နိုင်ကြမလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။

7BFEEB23-921F-438D-A287-9FF650D739A5.jpeg

ဆင်ကြီး ဟုတ်လား။ ဘယ်မှာလဲ။ မမြင်မိပါလားလို့များ ကိုယ့်ကိုယ်ကို အတင်းညာလို့ လှည့်ဖြားနေမိပြီလား။ ပြဿနာကို မရင်ဆိုင်ချင်ကြတော့ ပြဿနာမရှိပါဘူးလို့ ကိုယ့်ကိုယ်ကို အတင်းကို ယုံခိုင်းနေတတ်ကြပါတယ်။ ငှက်ကုလားအုပ်တွေလိုပဲပေါ့။ သဲထဲကိုခေါင်းအတင်း ထိုးထည့်တတ်ကြပြီး ငါဘာမှမမြင်ဘူး။ အခြေအနေ မဟန်တာတွေလည်း တစ်နေ့သူ့အလိုလို ပြေလည်သွားလိမ့်မယ်။ အဲဒီကြမှပဲ ခေါင်းဖေါ်တော့မယ် ဆိုရင်တော့ ဘယ်တော့မှများ ခေါင်းဖေါ်နိုင်တော့မလဲ မသိပါဘူး။

ဒီလိုမျိုး Avoiding လုပ်မိတာတွေ Denial လုပ်မိတာတွေဟာ ကိုယ့်ရဲ့ ခြေလက်တွေကို ကိုယ်ပြန် ကြိုးနဲ့တုတ်နေကြတာပါပဲ။ အားအင်တွေကို အလွန်ပဲ ကုန်ခမ်းစေတတ်ပါတယ်။ စဉ်းစားကြည့်ရင် တကယ်ကိုပဲ သိသာပါတယ်။ ဆင်ကြီးရှိနေတော့ အနေကြုံ့ပါတယ်။ သူနဲ့မထိမိအောင် နေနေရတာက ပိုဆိုးပါတယ်။ ရှိနေတာကို မရှိပါဘူးလို့အတင်းငြင်းနေရတာကတော့ အဆိုးဆုံးပဲပေါ့။

ဒါကြောင့်မို့လို့ အဖြစ်သင့်ဆုံးကတော့ တစ်နည်းနည်းနဲ့ ဒီဆင်ကြီးကို အခန်းထဲကဆွဲထုတ်ပစ်ဖို့ပါပဲ။ အတော်လေးတော့ အားစိုက်ရပါမယ် ထင်ပါတယ်။ ဒါပေမယ့် မလွယ်တဲ့ကြားက ကြိုးစားသင့်ပါတယ်။ စဉ်းစားရမှာက ဆင်ကြီးနဲ့ပဲ အခန်းထဲမှ မလွတ်မလပ်နဲ့ ဆက်နေကြမလား ဒါမှမဟုတ် လွတ်လပ်ခြင်းကို ရွေးချယ်မလားဆိုတာပါပဲ။

3215E4FE-91E2-428D-A28A-29EE3A8A8D02.png

ဒီလိုလုပ်ဖို့ ပထမဦးဆုံး လှမ်းရမယ့်ခြေလှမ်းကတော့ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်းမြင်နိုင်ဖို့ ပါပဲ။ ဒီအခါမှာ တာဝန်ယူမှု responsibility တွေရှိဖို့လိုအပ်လာပါလိမ့်မယ်။ Responsible Person ဆိုတာကတော့ the person who is able to respond ပါပဲ။ ရင့်ကျက်မှုရဲ့ လက္ခဏာ တစ်ခုပေါ့။

ဒါကြောင့်မို့လို့ စာဖတ်သူတွေကို မေးချင်တာကတော့ တစ်ချိန်ချိန်မှာ ကိုယ့်နေတဲ့ အခန်းထဲကိုများ ဆင်ကြီးတစ်ကောင်လောက် ရောက်လာခဲ့မယ်ဆိုရင် Avoiding ရှောင်ရှားကြမလား ဒါမှမဟုတ် Denying အတင်းပဲ မရှိပါဘူးလို့ ငြင်းနေကြမလား။ ဒါမှမဟုတ် အမှန်ကိုအမှန်အတိုင်းမြင်လို့ ဆင်ကြီးကို အခန်းထဲနေ ထွက်သွားအောင် ကြိုးစားနိုင်ကြမလား ဆိုတာကို စဉ်းစားစရာ တစ်ခုအနေနဲ့ ဝေငှချင်ပါတယ်။

ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆင်ကြီးကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုမှာပဲပဲဖြစ်ဖြစ်၊ နေရာမရွေးဝင်လာနိုင်တယ် ဆိုတာကို သတိထားနိုင်ကြပါစေ။

Author: KC Myanmar

Photo credit: Google Image

Sort:  

ဆင်ကြီးမတွေ့ပါရစေနဲ့ဗျာ

မမြင်ချင်ယောင်တော့မဆောင်နဲ့ 😅

ဆင် ဆိုရင် သိပ်ချ စ်

အမှန်တရားကိုလက်ခံပြီး အမြန်ဆုံးတိုက်ထုတ်ရမှာပေါ့

good post

မေးခွန်းပေါင်းများစွာမေးခွန်ရယ်…ဘယ်လိုများဖြေပေးရပမလဲ…?
(ဆင်ဆိုရင်တော့ နေပြည်တော်ဆင်ကိုအကြိုက်ဆုံပါဗျ)

Good Article!

Good post ပါဗျ

ဆင်​ကြီးက ခနခန​တွေ့ ​နေရလို့  ကိုယ့်​ဘဝကို​တောင်​စိတ်​ပျက်​​နေမိပြီ ဆရာ​ရေ

ဆင်ကြီးမလာအောင်တော့လုပ်ဖို့မလွယ်လောက်ဘူးထင်တယ် လာတဲ့ဆင်ကိုတော့ သေးသွားအောင်တော့ အမြဲတမ်းလိုလိုလုပ်နေရပါတယ်ဆရာ