Live, Love, Learn and Leave Legacy (KC Myanmar)

in #myanmar7 years ago (edited)

IMG_9681.JPG

To live

"To live is the rarest thing in the world. Most people just exist." လို့ Oscar Wilde ဆိုတဲ့သူက ပြောခဲ့ဖူးပါတယ်။ သူပြောချင်တာကတော့ အသက်ရှင်နေထိုင်ခြင်းဆိုတာကို လူတိုင်း မလုပ်တတ်ကြဘူး ဆိုတာပါပဲ။

မနက်အိပ်ရာနိုးထချိန်ကနေစပြီး ညဖက်အိပ်ယာပြန်ဝင်သည့်တိုင်အောင် သံပါတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို သွားလာနေကြမှန်းမသိ သွားလာနေကြတယ်။

ရှင်သန်ခြင်းမှာ မျှော်လင့်ခြင်းဆိုတာအမြဲကပ်ပါနေပါတယ်။ မမြင်သေးရသော အရာကို သိမြင်စွဲလန်းတယ်။ ရလိမ့်ဆိုတာကို ယုံကြည်ခြင်းအားဖြင့် ဖြစ်ချင်တဲ့အရာဆီကို ဦးတည်လျှောက်လှမ်းတယ်။ အဓိပ္ပါယ်ရှိတဲ့ အသက်တာဖြစ်ပါတယ်။

ပြန်စဉ်းစားကြည့်မယ်ဆိုရင် အမှုမဲ့အမှတ်မဲ့နဲ့ ဘဝကို ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတွေဟာ မနည်းလှပါဘူး။ ဘဝကို ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတာကို ပြန်စဉ်းစားကြည့်တဲ့အခါမှာ အရာရာက မှုန်ဝါးဝါး ဖြစ်နေတတ်ပါတယ်။

ဘဝကြီးတစ်ခုလုံးကို အသက်ရှင်နေထိုင်ဖို့ဆိုတာကို နေရက်တစ်ရက်ကို ဘယ်လို အဓိပ္ပါယ်ရှိရှိဖြတ်သန်းမလဲဆိုတာကနေ စတင်ကြည့်နိုင်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ယာနိုးထလာပြီဆိုတာနဲ့ ဒီနေ့တစ်ရက် ရှင်သန်ခွင့်ရတော့မယ်ဆိုတဲ့ ပျော်ရွှင်ခြင်းကို ကျေးဇူးတော်ချီးမွမ်းရင်း စတင်လိုက်ပါ။ ကိုယ့်မှာ အသက်ရှူနေနိုင်သေးတယ်၊ ကိုယ်လုပ်ချင်တာကို လုပ်နေနိုင်သေးတယ်၊ မလုပ်နိုင်သေးရင်တောင်မှ လုပ်နိုင်ဖို့အတွက်ပြင်ဆင်နိုင်သေးတယ် ဆိုပြီး ပျော်ရွှင်ဝမ်းမြောက်ဖို့ ဖြစ်ပါတယ်။

နေ့ရက်တစ်ရက် မပြောပါနဲ့ဦး။ တစ်ရက်မှာ ၁၅ မိနစ်လောက် အချိန်လေးကို အကျိုးရှိရှိသုံးနိုင်မယ်ဆိုရင်တောင်မှ အများကြီး အကျိုးဖြစ်နိုင်ပါတယ်။ တစ်နေ့မှာ ၁၅ မိနစ်၊ တစ်လမှာ ၇ နာရီခွဲ၊ တစ်နှစ်မှာ နာရီ ၉၀ ရရှိမှာဖြစ်ပါတယ်။ တစ်ရက်မှာ ၁၅ မိနစ်လောက် ကိုယ်ဖြစ်ချင်တာလေးအတွက် အချိန်ပေးခဲ့မယ်ဆိုရင် တစ်နှစ်မှာ နာရီ ၉၀ အချိန်ပေးခဲ့မှာဖြစ်ပါတယ်။ ဘာသာစကားပဲလေ့လာလေ့လာ၊ ဝါသနာပါရာ တစ်ခုခုပဲလုပ်လုပ်၊ နောက်ဆုံး တရားပဲထိုင်ထိုင် အကျိုးတရား အများကြီးရခဲ့မှာဖြစ်ပါတယ်။ ဒါတောင် ၁၅ မိနစ်ကိုပဲပြောခဲ့တာပါ။ ဒီထက်ပိုပြီး အချိန်တွေပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးလို့တောင်မှအကျိုးရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဓိကပြောချင်တာကတော့ အသက်တာကြီးတစ်ခုလုံးကို မပြောနဲ့သေးဦး ၁၅ မိနစ်စာ အချိန်လေးတွေကို ဘယ်လောက်များ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းခဲ့ကြပြီးပြီလဲဆိုတာကို ပြန်ဆင်ခြင်စေချင်တာဖြစ်ပါတယ်။ ပြီးတော့ အခုကစလို့ ရှေ့လာမယ့် အသက်တာမှာ စက်ရုပ်အရုပ်တစ်ရုပ်လို သံပါတ်ပေးလှုပ်ရှားနေတာမဟုတ်ပဲ ကိုယ့်အတွက်အဓိပ္ပါယ်ရှိမယ့် ဘဝရည်းမှန်းချက်ကို သိမြင်လာပြီး မဖြစ်သေးတဲ့အနာဂတ်ကို ဖြစ်လာမယ်ဆိုတာ ယုံကြည်စွာနဲ့ ပြင်ဆင်လျှောက်လှမ်း အသက်ရှင်နေထိုင်သွားဖို့ ဖြစ်ပါတယ်။

IMG_9680.JPG

To Love

"မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း မရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။" လို့ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

ချစ်ခြင်းမေတ္တာကို အရာတစ်ခု ခံစားပြီး ပိုင်ဆိုင်ရယူလိုကြတဲ့အခါမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ပိုင်ဆိုင်နေရရင် ပျော်ရွှင်ကြပြီး၊ ဆုံးရှုံးသွားတဲ့အခါမှာ ဝမ်းနည်းခံစားကြရပါတယ်။ တခါတလေမှာလည်း "ငါ့မှာ မင်းအတွက် အချစ်မရှိတော့ဘူး" ဆိုပြီးတော့ ဆက်ဆံရေးတွေ အေးစက်သွားတက်ကြပါတယ်။

တကယ်ချစ်ခြင်းမေတ္တာဆိုတာ လုပ်ဆောင်ရတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်ဆိုတာကို သတိပြုမိဖို့လိုပါတယ်။ ချစ်ခြင်းမေတ္တာ ရှိတယ်၊ မရှိဘူးဆိုတာထက် ချစ်ဖို့လိုပါတယ်။ ချစ်ချစ်မေတ္တာဆိုတဲ့စကားလုံးရဲ့ နောက်မှာ ပေးဆပ်ခြင်းတွေ၊ တာဝန်ယူမှုတွေ၊ သနားကြင်နာမှုတွေ ကပ်လိုက်လို့ လာရပါတယ်။

ဆက်ဆံရေးအေးစက်သွားတဲ့ အခါမှာ ပြောတတ်ကြတာကတော့ ငါတို့မှာ အချစ်မရှိတော့ဘူး၊ အချစ်ဆိုတာကို မခံစားရတော့ဘူးလို့ များသောအားဖြင့် ပြောတတ်ကြပါတယ်။ ဒီလိုဖြစ်လာကြတဲ့အခါမှာ အကောင်းဆုံး အကြံဉာဏ်ပေးချင်တာကတော့ "ချစ်ပါ"။ အချစ်မရှိတော့ပါဘူး၊ မခံစားရတော့ပါဘူးဆိုမှ ပြောချင်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် "ချစ်ပါ"။

ဘဝမှာ မုန်းတီးခြင်းသည် အမုန်းခံရတဲ့သူမှာ ထိခိုက်ရတာထက် မုန်းတီးခြင်းကို ခံစားနေရတဲ့သူရဲ့ ရင်မှာ ပိုပြီးလောင်မြိုက်ခံစားရတတ်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ အလောင်းအပုတ်ကောင်ကြီးကို ကျောပိုးပြီး လမ်းလျှောက်ခရီးသွားနေ သလိုပါပဲ။ ဒီအလောင်းပုတ်ကောင်ကို မစွန့်ပစ်ထားခဲ့နိုင်သရွေ့ ဒီအပုတ်ကောင်က ထွက်လာတဲ့ အပုတ်ရည်တွေနဲ့ အနံ့ ဆိုးတွေနဲ့ပဲ နပမ်းလုံးသွားရမှာ ဖြစ်ပါတယ်။ ဒီ အနေထားက လွတ်မြောက်ဖို့ကတော့ အလောင်းအပုတ်ကောင်ကို စွန့်ပစ်ခဲ့ဖို့ပဲ ဖြစ်ပါတယ်။ မုန်းတီးခြင်းတွေကို ရပ်တန့်ပြီး၊ ချစ်ခြင်းမေတ္တာကို စတင် မျှဝေပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

"ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။" - 1 Corinthians 13:13

IMG_9682.JPG

To Learn

"Never stop learning, because life never stops teaching" ဆိုပြီး အဆိုအမိန့်တစ်ခု ဖတ်ဖူးခဲ့ပါတယ်။ အသက်တာ တစ်လျှောက်မှာ ကြုံတွေ့လာရတဲ့ အပြောင်းအလဲတွေနဲ့ အမြဲရင်ဘောင်တန်းနေနိုင်အောင် အဆက်မပြတ်သင်ယူလေ့လာနေကြရမှာဖြစ်ပါတယ်။

သင်ယူလေ့လာတာနဲ့ ပတ်သက်ပြီး learn, unlearn, relearn ဆိုပြီး ပြောထားတာလေးရှိပါတယ်။ ကိုယ်မသိသေးတဲ့ အရာတွေကို အမြဲတစေ သင်ယူလေ့လာလိုစိတ် ရှိရပါမယ်။ ဒါပေမယ့် လောကကြီးက အမြဲတစေ ပြောင်းလဲတိုးတက်နေတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ကိုယ်သင်ယူလေ့လာခဲ့တဲ့အရာတွေကို အဟုတ်ကြီးမှတ်ပြီး ငါသိပြီ၊ ငါတတ်ပြီလို့ သဘောထားလို့မရပါဘူး။ ပြည့်နေတယ်ရေခွက်အထဲ ဘယ်အရာမှ ထပ်ဖြည့်လို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် unlearn ဆိုတဲ့ အချက်က အရန် အရေးကြီးပါတယ်။ ပြီးရင်တော့ အသစ်သစ်သော အရာတွေကို ပြန်လည်သင်ယူလေ့လာ relearn နိုင်ရမှာဖြစ်ပါတယ်။

အိုင်းစတိုင်းကဘာပြောသလဲဆိုတော့ ပြဿနာတွေကို ဖန်တီးခဲ့တုန်းကရှိတဲ့ အတွေးအခေါ်တွေနဲ့ အဲ့ဒီ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး လို့ပြောပါတယ်။ လောကမှာ မပြောင်းလဲတာ ပြောင်းလဲခြင်းပါပဲ။ ဒါကြောင့် အမြဲတစေ စူးဆန်းလေ့လာ သင်ယူနေရမှာ ဖြစ်ပါတယ်။

"Anyone who stops learning is old, whether at twenty or eighty. Anyone who keeps learning stays young. The greatest thing in life is to keep your mind young.” ~Henry Ford

IMG_9683.JPG

To Leave....your legacy

စဉ်းစားမိတယ်...အကယ်၍များသာ ကျွန်တော်ဟာ ဒီနေ့ဆုံးပါးသွားခဲ့ပြီး မိသားစုက ဒီ facebook ကနေ အဲ့ဒီ့ အကြောင်းကို post များလုပ်ခဲ့ရင် ကျွန်တော့ မိတ်ဆွေတွေ ဘာတွေများ မန့်ကြမလဲ ဆိုတာ သိချင်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးမိပါတယ်။ ဘယ်လို comment မျိုးကို ဖတ်ချင်ပါသလဲလို့။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ဒီလောကကြီးမှာ အသက်ရှင်နေထိုင်ကြစဉ်မှာ ပုံစံမျိုးစုံနဲ့နေထိုင်တတ်ကြပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ကိုယ့်လက်ထဲမှာ ဆေးရောင်စုံများနဲ့ ဆေးဆွဲစုတ်တံတွေရှိနေတယ်။ ကိုယ့်ရဲ့ရှေ့မှာ ပုံဆွဲ canvas ကြီး ထောင်ထားတယ်။ ပြီးတော့ ကိုယ်စိတ်ကြိုက် ဆွဲချင်တာ ဆွဲခွင့်ပေးထားတယ်။ အဲ့ဒါဟာ ကျွန်တော်တို့ရဲ့အသက်တာပါပဲ။ အချိန်တန်တဲ့ အခါ ပန်းချီကားဟာ လက်စသတ်ပြီးသွားခဲ့မှာပါ။

အဲ့လိုပဲ ကျွန်တော်တို့ဟာ ဒီလောက ကနေ ထွက်ခွာ သွားကြရမှာပါပဲ။ အဲ့ဒီအချိန်မှာ ဘယ်လို ပန်းချီကားမျိုးချန်ထားခဲ့ချင်ပါသလဲ။ ဧည့်ခန်းမှာ ဂုဏ်ယူစွာချိတ်ထားလို့ရမယ့် ပန်းချီကားမျိုးလား၊ ကိုယ့်အိပ်ခန်းထဲလောက်ပဲ ချိတ်ထားကောင်းတဲ့ ပန်းချီးကားဖြစ်မလား၊ စတိုခန်းမှာပဲ သိမ်းထားဖြစ်မယ့် ပန်းချီကာပဲလား စဉ်းစားဖို့ဖြစ်ပါတယ်။

ဘဝနေဝင်ချိန် ခေါင်းလောင်းထိုးမှ ဒီပန်းချီကား မဖြစ်ချင်တော့ပါဘူး၊ အစက ပြန်ဆွဲပါရစေဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်ရှိတုန်းလေးမှာ ကိုယ်နောက်ဆုံးထားခဲ့ချင်တဲ့ masterpiece လက်ရာလေးကို အသေအချာ စဉ်းစားပြီး အခုကတည်းက စတင်ပြင်ဆင်ရေးဆွဲ ဖို့ဖြစ်ပါတယ်။

ကိုယ်ဒီလောကကြီးက တစ်ချိန်မှာ ထွက်ခွာသွားတဲ့အခါမှာ ဒီလောကကြီးအတွက်၊ ဒီလူသားတွေအတွက်၊ ကိုယ်ချစ်တဲ့သူတွေအတွက် ဘယ်လို legacy မျိုးထားခဲ့ကြမလဲဆိုတာကို အချိန်ယူ စဉ်းစားပြင်ဆင်ကြပါလို့ တိုက်တွန်းရပါတယ်။

"Legacy is not what's left tomorrow when you're gone. It's what give, create, impact and contribute today while you're here that then happens to live on." ~ Rasheed Ongularu

Author: KC Myanmar

Photo Credit: Google image

Sort:  

Thank for sharing !

nice post

အားပေးလျှက်ပါအကို အရမ်းကောင်းတယ်ခင်ဗျ

ဝိုး ကော်းကောင်း သားသားကြိုက်ကြိုက်

So nice
I really like it

Great post and I wish steemit had a sticky or pin option because this is one of those special posts. ??

စဉ်းစားနေရတုံးပါဘဲဆရာ ဘယ်လိုအမွေမျိုးတွေချန်ထားခဲ့ရမလဲ ကိုယ့်မှာ ပိုင်ဆိုင်တာ ဘာတွေရှိသလဲဆိုတာ ခုချိန်ထိတော့ ဇဝေ ဇ၀ါဖြစ်နေတုံးပါဆရာ Steemit မှာတော့် ကိုယ်ရေးထားသမျှလေးတွေ ကျန်နေအုံးမလားဘဲဆရာ မျှော်လင့်မိပါတယ်