( ၈၁ ) မီး

in #steemit7 years ago

( ၈၁ ) မီး

imageသြော်...ဘာလိုလိုနဲ့ ၃၆နှစ်တောင်ကြာခဲ့ပြီပဲ..။အဖေ့စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ...။အခုအချိန်ထိတစ်မြို့လုံး မီးဝါးမြိုခံလိုက်ရတဲ့မြင်ကွင်းကို ဘယ်လိုမှမေ့ပြစ်လို့မရဘူး...။အဲဒီနေ့ကိုအောက်မေ့သတိရတိုင်း ထိုအဖြစ်မျိုးနောက်နောင် ဘယ်တော့မှမကြုံပါရစေနဲ့လို့ အမြဲဆုတောင်းနေမိတယ်...။

ဒီနေ့တော့ အဖေနဲ့စကားဝိုင်းလေးတခုပြောဖြစ်တယ်ဗျ..။အဖေက အမြဲတမ်းလိုလို မှတ်သားစရာလေးတွေ ပြောပြလေ့ရှိတယ်ဗျ..။ကျွန်တော်ကျောင်းကပြန်လာတဲ့ အခါဆို ကျွန်တော်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊သတင်းထူးလေးတွေ အဖေ့ကိုအမြဲပြောပြတယ်..။အဖေကလဲ ဘုရားဖြစ်တော်စဉ်တို့ ၊မှတ်သားစရာပုံပြင်လေးတွေတို့ ၊သူကြုံတွေခဲ့ရတဲ့ အရာတွေတို့ ပြန်ပြောပြလေ့ရှိတယ်ဗျ...။ဒီနေ့စကားဝိုင်းလေးမှာတော့ အဖေဆယ်တန်းနှစ်ကကြုံတွေ့ခဲ့ရတဲ့ တောင်တွင်းကြီးမြို့ (၈၁)မီး အကြောင်းကို ပြောပြတယ်ဗျ..။(၈၁)မီးဆိုတာ (၁၉၈၁)နှစ် ၊ဧပြီလ (၁၁)ရက်နေ၊့ နေ့လည် (၁)နာရီခန့်မှာ တစ်မြို့လုံးကိုမီးဝါးမြိုခံရခဲ့လို့ အမှတ်တရအဖြစ် အဖျားဆွတ်ပြီး (၈၁)မီးလို့ ခေါ်ကြတာပေါ့ဗျာ..။

၈၁ မီးအကြောင်းကို ပြောပြရမယ်ဆိုရင်...
အဲဒီအချိန်တုန်းက အဖေကဆယ်တန်းနှစ်..... ”ဟေ့ကောင် ဘိုကြည် မြန်မြန်လုပ်ဟ နေပူနေမယ်..အေးပါကွ မင်းကလဲ မလုပ်ရသေးဘူးပြီးချင်နေပြီ..။”အခြားလူတွေကလဲ မာမာအေးသီချင်း တကြော်ကြော်နဲ့ပေါ့ကွာ...။အကို့အိမ်မှာ အဖေတို့ ဝါးသက်ကယ်မိုးနေကြတာပေါ့ကွာ..။အကိုဆိုတာ မင်းတို့အဘတော်တဲ့ သာဝင်း အိမ်မှာပေါ့..။အဲဒီအချိန်တုန်းက သူ့အိမ်ကလေးကလဲ ဆောက်ကာစဆိုတော့ သက်ကယ်မမိုးရသေးလို့ ရွာကသူ့ညီတွေ အဖေရယ် ၊ဘိုကြည်ရယ် ၊ သာလင်းရယ် ၊မြီု့ကလူ သုံးယောက်ရယ် သွားပြီးမိုးပေးကြတာပေါ့...။မနက်ပိုင်းသက်ကယ်မိုးပြီး လ္ဘက်ရည်ပွဲနဲ့ အရက်သောက်တဲ့သူကသောက်ပေါ့ကွာ အေးအေးဆေးဆေး စကားပြောနေကြတာပေါ့..။

စကားပြောကောင်းနေရင်း နေ့လည် ၁နာရီလောက်ရှိတော့ တဒေါင်ဒေါင်နဲ့ သံချောင်းခေါက်သံ သဲ့သဲ့လေးကြားရရော..။အဲဒါနဲ့အဖေက ”ဟေ့ကောင်...ဘိုကြည်... သံချောင်းခေါက်သံကြားရတယ်ကွ...။အေးကွငါလည်းကြားတယ်...။မီးလောင်းတာလား မသိဘူး ငါသစ်ပင်ပေါ်တက်ကြည့်လိုက်အုံးမယ်...။အေးအေး..။သစ်ပသ်ပေါ်တက်ပြီး တမြို့လုံးလှည့်ပတ်ကြည့်ပြီး ရေနွေးဝိုင်းကိုပြန်လာတာပေါ့ကွာ..။ဟာ...ဟေ့ကောင် မီးလောင်တာလား..ဘာဖြစ်တာတုန်း ပြောပါအုံးဟ..။ဟာကွာ...ဟိုးအနောက်တောင်မှာ မီးခိုးညွှန်လေးသေးသေးလေးပါကွာ..။ အဲဒါနဲ့အဖေတို့လဲ ဘာမှမဖြစ်စလောက်ပေါ့ မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်တယ်ပေါ့ကွာ...။စကားပြောရင်း သောက်ရင်းစားရင်းနဲ့ နာရီဝက်သာသာလောက်ရှိတော့ ”ဒေါင်....ဒါင်.....ဒေါင်” ဟာဘိုကြည်ရေ ထပ်ခေါက်ပြန်ပြီဟ...ဟာကွာ..အဲကောင်တွေ အားအားယားယား ခေါက်နေကြတာပါကွာ...။ဟေ့ကောင်မဟုတ်လောက်ဘူးနော်..။နေအုံးဟ...ဆူဆူညံညံအသံတွေ ကြားရတယ်ဟ..။”မီးဗျို..မီး...မီး” ဆိုတဲ့ လူတွေအော်သံလဲကြားရော အကုန်းလုံး မျက်လုံးပြူး မျက်ဆံပြူးနဲ့ ပြာပြာသလဲလဲ အိမ်အောက်ပြေးဆင်းပြီး လှမ်းကြည့်လိုက်တော့..အနောက်တောင်မီးကတော်တော်ကြီးလာပြီကွ ကောင်းကင်တစ်ခုလုံးလဲ မီးခိုးတွေမဲမှောင်နေပြီး မီးညွှန့်တွေလှမ်းမြင်နေရပြီး..။မြို့က လူတွေကလဲ သူတို့အိမ်တွေကို သွားသတိပေးလိုက်အုံးမယ်ဆိုပြီး ပြန်သွားကြတယ်..။အဖေတို့လဲ မီးလောင်တာဘယ် လောင်တာလဲဆိုပြီးသိချင်တာနဲ့ သုံးသောက်သား သွားကြည့်ကြတာပေါ့..။အဲဒီခေတ်ကတော့ စက်ဘီးနဲ့ပေါ့ကွာ..။တယောက်တစ်စီး စီနဲ့ သွားကြတာပေါ့...။

တပေါင်းလကြီးဆိုတော့ ဇေယျမင်္ဂလာ ရွှေအင်းတောင်ဘုရားပွဲကြီး ကျင်းပနေတာဆိုတော့ လူတွေကလည်း ညပ်ညပ်လည်လို့ပေါ့ကွာ...။လူစည်ချက်ကတော့ ခြေတောင်လှမ်းစရာမလို လောက်အောင် လူနောက်ညပ်ညပ်ပါသွားတယ်...။အဖေတို့လဲ ပွဲဈေးတန်းထဲအတိုင်း သွားပြီး ဈေးတောင်ဘက်အပေါက်ကနေ သွားကြည့်ကြတာပေါ့...။စက်ဘီးလေးတွေ သုံးယောက်သားတွန်းသွားနေတုန်း တအုန်းအုန်းနဲ့ လူတွေ လမ်းမကြီးပေါ်အတိုင်း ပြေးလာကြရော...”ဟာ....ဘိုကြည်ရေ မီးကတော့ တော်တော်ကြီးပုံရတယ်ဟ...။အေးကွာ ငါတို့ပြန်ရအောင်..။အိမ်ကနေ အခြေအနေလေး နားထောင်ရအောင်...။အေးကွာ..ဆိုပြီး အိမ်ပြန်ဖို့ စက်ဘီးလေးတွေပြန်လှည့်တုန်းရှိသေးတယ်...မီးက တာလမ်းမကြီးအပေါ်တိုင်း ဖျာလိပ်ကြီးတွေ အတိုင်းပဲ တလိမ့်လိမ့်နဲ့ ပြေးလာတော့...”မီး...မီး..မီး” ဆိုပြီး သုံးယောက်သား လက်ညိုးတစ်ထိုးထိုးနဲ့ ပြောမထွက်ဘဲ အံအားသင့်နေတာပေါ့ကွာ...။ခဏကြာမှ သတိရလာပြီး..ဟေ့ကောင်တွေ ”ပြေးပြေး”ဆိုပြီး အဖေတို့က စက်ဘီးကို မြန်မြန်နင်းတာပေါ့ အဖေတို့နောက်ကနေ မီးကလဲ လှိုင်းလုံးကြီးတွေအတိုင်း တလိမ့်လိမ့်နဲ့ အပြေးလိုက်လာတာကွ...။

အဲဒီအချိန်က ဘုရားပွဲကျင်ပနေတဲ့ လူစည်ချိန်မှာ အချိန်ကောင်းအခါကောင်း မီးလောင်တာဆိုတော့ လူတွေများ အပြေးအလွှား အော်ဟစ်နေကြတာပေါ့ကွာ...။တချို့ဆိုတက်နင်းခံပြီးသေရတယ်...။မီးကလည်း တစ်ဟုန်ချင်း ဈေးတောင်ဘက်ကနေ ဈေးကိုဝါးမြိုစဖြစ်နေပြီ...။ပွဲတော်ကြီးက နေပူသက်သာအောင် အရှေ့ဘက် အနောက်ဘက်ဆိုင်ခန်းတွေကို ခေါင်မိုးမိုးသလို ပေါင်းမိုးကြီးတွေနဲ့ဆိုတော့ မီးလောင်ကောင်းအောင်အားပေးသလိုဖြစ်နေတာပေါ့...။အခုနောက်ပိုင်းတော့ အဲလိုကြီးတွေမလုပ်တော့ဘူးကွ..။အဲလိုမီးလောင်လွယ်လို့ ထင်ပါတယ်...။

ပွဲဈေးတန်း ဆိုင်ခန်းတွေကလဲ နယ်စုံကလာပြီး ရောင်းချကြတာဆိုတော့ ဘယ်ပြေးလို့ပြေးရမှန်းမသိ...။အချို့ကလဲ ဘာပစ္စည်းမှမသယ်နိုင်ပဲ ငိုယိုပြေးလွှားကြတာပေါ့...။ကလေးငယ်တွေဆိုလည်း မိဘတွေနဲ့ကွဲပီး ငိုယိုနေကြတာပေါ့...။အသက်ကြီးတဲ့လူတွေဆိုလည်း ပြေးနိုင်သလောက်ပြေးကြနဲ့...။ပိုင်ရှင်မဲ့ ဆိုင်တွေကပစ္စည်းတွေဆို ကူသယ်ပေးသလိုလိုနဲ့ ခိုးကြ၊ လုကြ နဲ့ ”ရေနစ်သူ ဝါးကူထိုးသလို” ဒေါသထွက်စရာပေါ့ကွာ...။

အဖေတို့လဲ ပွဲဈေးတန်းထဲက လူတွေဝရုန်းသုန်းကားနဲ့ ဖြစ်နေတော့ မြို့အရှေ့ဘက်ကနေ အိမ်ကိုမြန်မြန်နင်းရတာပေါ့...။အဲဒီအချိန်မှာ မြို့ထဲမီးတွေလောင်နေတာ မဲမှောင်နေတဲ့ မီးခိုးလုံးကြီးက အမိုးလုံးအပြည့်ပဲ..”ဖောင်း....ဖောင်း...ဖောင်း” ဆိုတဲ့ဝါးလုံးကွဲသံတွေ ၊ဆီပေပါပေါက်သံတွေ ကတဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ပေါ့..စစ်ဖြစ်နေသလားထင်ရတယ် တော်တော်ကြောက်ဖို့ကောင်းတာပေါ့ကွာ...။မီးတောက်တွေက တိုက်တွေ၊ အိမ်တွေကို ”ဝုန်းခနဲ..ဝုန်းခနဲ” မြိုနေတာများ သိပ်ကိုထိပ်လန့်စရာပဲကွာ...။

အဖေတို့လဲ သုံးယောက်သား စက်ဘီးကို မြန်မြန်နင်းပါတယ် ဆိုမှ စက်ဘီးမှောက်နေလို့ မနည်းပြန်ထပြီး အတင်းနင်းပြေရတယ်...။လမ်းတလျောက်လုံးမှာလည်း မီးလောင်ပြီဆိုတော့ မီးလွတ်ရာကို သယ်နိုင်သလောက်သယ်ပြီး ပြေလာကြတဲ့ လူအုပ်ကြီးကလည်း လမ်းအပြည့်ပေါ့ကွာ...။အဲလိုနဲ့ အဖေတို့လဲ ဘကြီးသာဝင်းအိမ်ကို မြန်မြန်နင်းသွားကြတာပေါ့...။အိမ်လည်းရောက်ရော သူတို့တွေက လယ်ထွန်စက်ကြီးပေါ်ကို ပစ္စည်းတွေ အကုန်တင်ပြီးနေပြီ..။အဖေတို့ကို ”ဟာ..ဟိတ်ကောင်တွေ မင်းတို့သုံးယောက်စောင့်နေတာ..လာလာ မြန်မြန်တက်ဆိုတော့..” အဖေတို့လဲ စက်ဘီးတွေကို ထွန်စက်ကြီးပေါ် ပြစ်တင်ပြီး မြန်မြန်တက်ကာ မြို့အပြင်ကို မောင်းသွားတာပေါ့...။

မြို့အပြင်လဲရောက်ရော လူတွေမှ ပွက်လောရိုက်လို့ကွာ..။ထိခိုက်ဒဏ်ရာရနေတဲ့လူတွေ၊ ဒဏ်ရာကြီးလို့ အသက်ဆုံးပါးသွားတဲ့လူတွေ၊ တချို့က ရှိသမျှလေးတော့ ကုန်ပါပြီဆိုပြီး ငိုယိုနေတဲ့လူတွေ အမြင်မကောင်းကွာ...။တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်း တခုပါပဲ..။

မီးက ည ၈နာရီ ၉နာရီ ကျော်ကျော်လောက်မှပဲငြိမ်းသွားတော့တယ်..။ ”ဘူတာရုံကမီး ထူပါရုံမှပြီးတဲ့” မြို့အနောက်တောင်ဘက် ရထားဘူတာရုံကနေစလောင်လိုက်တာ ထူပါရုံဘုရားရောက်မှပဲ မီးငြိမ်းသွားတော့တယ်..။ ဒါတောင် ဆက်လောင်စရာ အိမ်တွေမရှိတော့လို့..။ လောင်စရာတွေကျန်သေးရင် ထပ်လောင်မယ့်ပုံ..။ညပိုင်းကျမီးငြိမ်းသွားပေမဲ့ ဘယ်သူမှ မသွားရဲကျသေးဘူး..။မြို့ထဲက အဆောက်အအုံ ကြီးကြီးမားမားတွေဆိုမြေမှာ ပြားပြားဝပ်လို့..။လူတွေလဲ မြို့အရှေ့ဘက် ကန်တော်ကြီး ဘောင်တွေပေါ်မှာ အပြည့်ပေါ့..။မီးလွတ်တဲ့ ဘုန်းကြီးကျောင်းတို့ ၊ဇရပ်တို့ပေါ်မှာလဲ လူတွေအပြည့်ပေါ့ကွာ...။

မီးက အုန်းတောရပ်ကွက်ထဲ ဘဲဥကြော်တာကနေ စလောင်တယ်ပြောတာပဲကွ..။ဘဲဥကြော်ရင်းကနေ ဆီကိုလွင့်ပြစ်လိုက်တာ ထရံကိုမီးကဆွဲရော..။ကျိတ်ကျိတ်ပြီးငြိမ်းနေမှာပေါ့..။နောက်မနိုင်တော့မှ... မီးမီးမီးလို့အော်ပြီးပြေးကြတယ်တဲ့..။ရာသီကလဲ ပူပြင်းဆုံးအချိန်ဆိုတော့ မီးကူးစပ်လွယ်မှာပေါ့..။မီးကိုနိုင်အောင်မငြိမ်းနိုင်တော့ ပတ်ဝန်းကျင်ကို ကူးစပ်သွားတာပေါ့ကွာ...။

အဲဒါကြောင့် မင်းအမေကိုလဲ အမြဲပြောရတယ်..။ မီးကိုဂရုစိုက်လို့...။ သူခိုးခိုးတာက သူသယ်နိုင်သလောက်ပဲ ခိုးသွားမှာ..။မီးကတော့ အကုန်ပြာဖြစ်အောင် လုပ်သွားမှာလို့...။အခုပဲကြည့် ဘဲဥကြော်သူတစ်ယောက်ရဲ့ မီးပေါ့စမှု့ကြောင့် တစ်မြို့လုံးပြာဖြစ်သွားရတယ်..။
ဒါကြောင့် လူတိုင်းလူတိုင်း မီးကိုမပေါ့စသင့်ဘူးကွ...။ဒီလောက်မြန်ဆန်ပြီး တစ်မြို့လုံးကို တစ်ခဏအတွင်း ပြာဖြစ်အောင်လုပ်သွားတဲ့ မီးမျိုးကို အဖေတစ်ခါမှ မကြားဘူး၊မကြုံဖူးဘူး...။အဲဒီနေ့ကို ပြန်စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိပါတယ်..။အဖေ့အတွက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ တောင်တွင်းကြီးမြို့ရဲ့ ခြောက်ခြားဖွယ်ရာ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုပေါ့...။

written by htetlinaungg

Sort:  

မီး​ဘေး​ရှောင်​ မ​လောင်​ခင်​တား

That, right

အကို့​ရေမင်္ဂလာပါ vote ​and followခဲ့တယ်​​နော်​ ကျွန်​​နော်​ကိုလဲvote and followပြန်​​ပေး​ပေးပါအုံးဗျ friနည်း​နေလို့

ဟုတ်ကဲ့ပါ ညီ

ကြောက်စရာ ရန်သူမျိုးငါးပါး

ဟုတ်

ငယ်ငယ်ကတစ်လမ်းကျော်မှာ မီးလောင်တာအနီးကပ်မြင်ဖူးခဲ့ပါတယ်။ ကိုယ်တွေလမ်းဖက်ကို မီးမကူးခဲ့ပေမယ့် အဲ့အချိန်ကတည်းက ညအိပ်တိုင်း မီးလောင်တဲ့အိပ်မက်ဆိုးတွေ မက်တော့တာပါပဲ။

ဟုတ်

ကောင်းတယ်​ ဘရို

လူခိုးရင် ကျန်သေးတယ် တဲ့ မီးခိုးရင်တော့ အပ်တိုတောင် မကျန်နိုင်

That is right

သားက​တော့ မီး​ကြောက်​တယ်

ဝေးဝေးသာရှောင်

အားလုံးကောင်းတယ်၊ ပေါ့ဆ လို့ရေးရမယ့်အစား ပေါ့စ လို့ရေးတာလေးတစ်ခုပါ၊ ၁၁ မီးပဲကြားဖူးတာ၊ အင်း၁၁ မီးတောင် အငြိမ်းနိုင်တာ ၈၁ မီးဆိုတော့ ပိုဆိုးပြီပေါ့။

ဟုတ်ကဲ့ပါဆရာ

ကျေးဇူးပါဆရာ